BREAKING
February 4, 2025

မြန်မာဘက်ရှိ ကျားဖြန့်လုပ်ငန်းများကို လျှပ်စစ်မီးချက်ချင်းဖြတ်ရန် ထိုင်းအစိုးရအတည်ပြု

February 4, 2025

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်ရာဇဝတ်မှုများပြုလုပ်နေသော ကျားဖြန့်လုပ်ငန်း များကို လျှပ်စစ်မီးနှင့် လောင်စာဆီများ ချက်ချင်းဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ညွှန်ကြားလိုက်သည်။

အဆိုပါလုပ်ငန်းများသည် ထိုင်းနိုင်ငံက ပေးသော လျှပ်စစ်မီးနှင့် လောင်စာဆီများကြောင့် လည်ပတ်နေသည်ကို သက်သေ ပြနိုင်ပြီးနောက် ချက်ချင်းဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ယနေ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အကယ်၍ လျှပ်စစ်မီးဖြတ်တောက်ရေး ဆွေးနွေးချက်ပြီးမြောက်ပါက ယနေ့တွင်ပင် လျှပ်စစ်မီး ဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

အကယ်၍ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာပါက လျှပ်စစ်ဦးစီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပေးနေသော လျှပ်စစ်မီးကို ချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော Mr. Phutham Wechayachai က ပြောဆိုသည်။

စာချုပ်ထဲတွင် နိုင်ငံတော်လုံခြုံရေးအရ လျှပ်စစ်မီးများကို လျှော့ချရန် သို့မဟုတ် ဖြတ်တောက်ရန် သဘောတူထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် လျှပ်စစ်မီး ချက်ချင်းဖြတ်တောက်ရန် လျှပ်စစ်ဦးစီးဌာနကို ညွှန်ကြားရန် ယနေ့ နိုင်ငံတော်လုံခြုံရေးကောင်စီထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၂နှစ်အတွင်း ထိုင်းနိုင်ငံသား ငါးသိန်းကျော် ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရပြီး ဘတ် ၆၀ ဘီလီယံကျော် ဆုံးရှုံးထားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

ကျားဖြန့်လုပ်ငန်းများသည် ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် နယ်စပ်နေ ပြည်သူများကို ထိခိုက်လာနေသဖြင့် မိမိပြည်သူများကို စောင့်ရှောက်ရမည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

နယ်စပ်တွင် နေထိုင်သော မြန်မာဒေသခံအများစုသည် ထိုင်းနိုင်ငံဘက်က ပေးသော လျှပ်စစ်မီးနှင့် လောင်စာဆီများကို မှီခိုနေကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

Ref: Bangkok Post, The Momentum, Thai PBS