မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းက ထွက်ပြေးလာသည့် အချုပ်သားများအနက် သုံးဦးသည် ရေးဘီလူးအဖွဲ့ထံ ရောက်ရှိနေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့်က ရေးမြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားအချို့သည် ရဲတပ်ဖွဲ့ထံမှ လက်နက်လုယူပြီး ပစ်ခတ်မှုဖြစ်ပွားရာမှ အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများအနက်မှ တစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်ပင် ရေးဘီလူး အဖွဲ့ထံ ရောက်ရှိလာခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၂ ရက်တွင် တစ်ဦးနှင့် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် နောက်ထပ်တစ်ဦး စုစုပေါင်း သုံးဦးကို ရေးဘီလူးအဖွဲ့က ကယ်ဆယ်ထုတ်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရေး အချုပ်ခန်းကနေ ထွက်ပြေးလာတဲ့သူတွေထဲက သုံးယောက်ကို ကျွန်တော်တို့ ကယ်ဆယ်ထားပါတယ်။ ကျွန်တော်တို့ ဆီကို ရောက်နေပါတယ်။ သူတို့တွေက နိုင်ငံရေးပုဒ်မတွေနဲ့ မတရားစွပ်စွဲ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သူတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ရေးဘီလူးအဖွဲ့ထံ ရောက်ရှိလာသူ သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၂ (က)၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသူများဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက်က ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရေးမြို့မရဲစခန်း အချုပ်ခန်းအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များက ထမင်းပို့ချိန်တွင် အချုပ်သားအချို့သည် ရဲတပ်ဖွဲ့ထံမှ လက်နက်လုပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်အတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ သုံးဦး အချုပ်ခန်းအတွင်း၌ ပင်သေဆုံးခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရကာ ဆေးကုသမှုခံယူနေရသည်။
ရေးမြို့မရဲစခန်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း အချုပ်သားအချို့ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အချုပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် ရေးမြို့ပေါ် မြို့အဝင်အထွက်နှင့် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း တိုးမြှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။