ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန် နုတ်ထွက်မည့် သမ္မတအမိန့်အာဏာတစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်က ယနေ့ (အင်္ဂါနေ့)တွင် လက်မှတ်ထိုးမည် ဖြစ်သည်။
အမည်မဖော်လိုသည့် အိမ်ဖြူတော်အရာရှိတစ်ဦးအား ကိုးကား၍ NPR သတင်းဌာနက ယင်းသို့ဖော်ပြထားသည်။
အမေရိကန်အိမ်ဖြူတော်သို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာ လာရောက်လည်ပတ်သည့် ယနေ့ မှာပင် အဆိုပါ သမ္မတအမိန့်အာဏာကို ထရမ့်က လက်မှတ်ထိုးမည် ဖြစ်သည်။
သမ္မတထရမ့်သည် ၎င်း၏ ပထမအကြိမ် သက်တမ်းတုန်းကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ဖူးသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်(UNHRC)သည် အစ္စရေးအပေါ် ဆန့်ကျင်ဘက်လိုက်မှုများ ရှိနေသည်ဟု အမေရိကန်ပါတီကြီးနှစ်ရပ်စလုံးမှ စွပ်စွဲပြောဆိုလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။
ယနေ့ လက်မှတ်ထိုးမည့် ထရမ့်၏ သမ္မတအမိန့်အာဏာတွင် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရေးအေဂျင်စီ(UNRWA) အတွက် အမေရိကန်၏ အနာဂတ် ရန်ပုံငွေထောက်ပံ့မှုများကိုလည်း ဖြတ်တောက်သွားမည် ဖြစ်သည်။
ယင်းအေဂျင်စီသည် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများအား အကူအညီပေးနေသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။
ယင်းအေဂျင်စီအတွက် ရန်ပုံငွေဖြတ်တောက်မည့် ဆုံးဖြတ်ချက်ကို သမ္မတဘိုင်ဒန်လက်ထက် အစ္စရေး-ဟားမတ်စ် စစ်ဖြစ်နေချိန်ကလည်း ချမှတ်ခဲ့ဖူးသည်။
ယင်းအေဂျင်စီမှ ဝန်ထမ်းအချို့သည် ဟားမတ်စ်အဖွဲ့နှင့် ဆက်နွယ်မှုရှိနေသည်ဟူသော အစ္စရေး၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်တွင် ဘိုင်ဒန်အစိုးရ ယင်းသို့ ရန်ပုံငွေဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အစ္စရေး၏ စွပ်စွဲချက်မှန်ကန်ကြောင်း သက်သေပြနိုင်သည့် အထောက်အထားမရှိဟု သီးခြားလွတ်လပ်သည့် သုတေသနအစီရင်ခံစာတစ်ခုက ဆိုသည်။
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် သမ္မတထရမ့်၏ ဒုတိယသက်တမ်းတွင် အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်လည်ပတ်သည့် နိုင်ငံခြားတိုင်းပြည်ခေါင်းဆောင် ဖြစ်သည်။
Source: NPR