ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက မြန်မာပစ္စည်းအရောင်းဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်ထိုင်းနိုင်ငံသားနှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
ကထူးဘင်ဒေသရှိ မြေညီထပ်က စတိုးဆိုင်တွင် မြန်မာနိုင်ငံသားများက မြန်မာပစ္စည်းများကို ရောင်းချနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဆိုင်ထဲတွင် ဈေးရောင်းနေသော မြန်မာနှစ်ဦးနှင့် ဈေးလာဝယ်သူများကို တွေ့ရသဖြင့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ရာ ဈေးလာဝယ်သူများအနက် တစ်ဦးသည် အလုပ်လုပ်ခွင့်ဗီဇာ ကျော်လွန်နေပြီး ဈေးရောင်းနေသော မြန်မာနှစ်ဦးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း ဈေးရောင်းခွင့်မပေးထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
စတိုးဆိုင်တွင် ထိုင်း FDA ထောက်ခံချက်မပေးထားသော မြန်မာစားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးလိပ်များစွာကို ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
မြန်မာပစ္စည်းစတိုးဆိုင်ကို ပြီးခဲ့သောနှစ်လယ်ပိုင်းက စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စမွတ်စခွန်ခရိုင်ထဲတွင် ဝယ်ယူရရှိနေသော မြန်မာပစ္စည်းများကို ဆိုင်တွင် ပြန်ရောင်းနေခြင်းဖြစ်ကြောင်း ဆိုင်ရှင်က ရဲကိုဖြေဆိုထားသည်။
ထို့ကြောင့် ထိုင်းဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ပြီး FDA ထောက်ခံချက်မရှိသော စားသောက်ကုန်များကို ရောင်းချမှု၊ ခွင့်ပြုချက်မရှိပဲ ဆေးဝါးရောင်းချမှုနှင့် မှတ်ပုံမတင်ထားသော ဆေးလိပ်၊ ဆေးရွက်ကြီး ရောင်းချမှုများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကိုလည်း အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာကျော်လွန်နေထိုင်မှုနှင့် လုပ်ပိုင်ခွင့်မရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်မှုများဖြင့် အမှုဖွင့်အရေးယူထားသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ဖြင့် နေထိုင်လုပ်ကိုင်ပါက ဆိုင်များတွင် ဈေးရောင်းခွင့်မရှိကြောင်း၊ အကယ်၍ ဆိုင်များတွင်ဈေးရောင်းလိုပါက အလုပ်သမားရုံးတွင် ဆိုင်တွင်ဈေးရောင်းချခွင့်ကို လျှောက်ထားပြီးမှသာ လုပ်ခွင့်ရမည်ဖြစ်ကြောင်း Labour Rights Foundation အဖွဲ့ထံမှ သိရသည်။
Ref: Naewna, Thai PBS