BREAKING
February 4, 2025

ဘုတ်ပြင်းတွင် မိုင်းအန္တရာယ်ကြောင့် သီဟို‌ဠ်တောင်သူများအခက်တွေ့

February 4, 2025

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် နယ်မြေမအေးချမ်းမှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သီဟိုဠ်စေ့ကောက်ရန် အခက်တွေ့နေကြကြောင်း တောင်သူအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သလို ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းများ ရှိနိုင်သည့်အတွက် တောင်သူများက သီဟို‌ဠ်စေ့ မကောက်ရဲဘဲဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲဖြစ်ထားဖူးတဲ့ နယ်မြေတွေဆိုတော့ မိုင်းထောင်ထားတယ်၊ မထောင်ထားဘူးဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ တနင်္သာရီဘက်မှာလည်း မကြာခဏ မိုင်းနင်းမိတဲ့သတင်းတွေကြားရတော့ စိတ်ပူတယ်” ဟု မနိုးရုံးကျေးရွာအုပ်‌စုရှိ သီဟို‌ဠ်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

သီဟိုဠ်စေ့ခူးဆွတ်(ကောက်)ချိန် မတိုင်မီ တစ်လကြိုတင်၍ အပင်အောက်တွင် ခြုံရှင်းရလေ့ရှိကြောင်း တောင်သူများထံမှ သိရသည်။

အထက်ပါ အခြေအနေများကြောင့် ခြုံရှင်းရန် အလုပ်သမားခေါ်ချိန်တွင်လည်း ခေါ်မရသည့်အခက်အခဲဖြင့် ကြုံခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

ထို့အပြင် နယ်မြေမအေးချမ်းမှုကြောင့် ဥယျာဉ်ခြံအတွင်း ညမအိပ်ရဲကြချိန်တွင် သူခိုးလည်း ပေါများသည်ကို တွေ့ရကြောင်း ဘန်ဂလားကျေးရွာအုပ်စုရှိ သီဟိုဠ်ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

“အခြေအနေတွေက‌ မအေးဘူးဆိုတော့ ညဘက်ခြံမှာ အိပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ သူခိုးတွေကလည်း ပေါမှပေါ” ဟု ၎င်းက ပြောသည်။

ထိုအခက်အခဲများကြောင့် သီဟိုဠ်စေ့အထွက်နည်းလာကြောင်း တောင်သူအချို့ထံမှ သိရသည်။

သီဟိုဋ္ဌ်စေ့စျေးနှုန်းမှာမူ ယခင်နှစ်ထက် ဈေးတက်လာကြောင်း မြိတ်မြို့ရှိ သီဟိုဠ်စေ့အဝယ်ဒိုင်များနှင့် တောင်သူအချို့ထံမှ သိရသည်။

ယမန်နှစ်က သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ငါးထောင်ဝန်းကျင်ပေါက် ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ကျပ်ရှစ်ထောင် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အထွက်နည်းတယ်။ ရှားပါးလာမယ်ဆိုရင်တော့ ဈေးထပ်တက်ဖို့ရှိတယ်” ဟု မြိတ်မြို့ရှိ သီဟိုဠ်အဝယ်ဒိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်က ထွက်သည့် သီဟိုဠ်စေ့အများစုကို အဝယ်ဒိုင်များက အဓိက ဝယ်ယူကြောင်း ၎င်းက ပြောဆိုသည်။

ဘုတ်ပြင်းမြို့နယ်နှင့် ကပ်နေသည့် တနင်္သာရီမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းနင်းမိကာ အရပ်သားထိခိုက်သေဆုံးမှုများ ခပ်စိပ်စိပ်ရှိနေသည်။