တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းများက သင်တန်းသားများပါဝင်သည့် အထူးစစ်ဆင်ရေး အပတ်စဥ် (၇) သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်က ကရင်ပြည်နယ်တွင် ပြုလုပ်ကြောင်း သင်တန်းဖွင့်လှစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ထံမှ သိရသည်။
သင်တန်းတွင် သင်တန်းသား ၂၅၀ ဦး ပါဝင်တက်ရောက်ကာ သင်တန်းဆင်းခဲ့ပြီး ယင်းတို့အနက် တနင်္သာရီတိုင်း PDF တပ်ရင်း၊ တပ်ဖွဲ့များက ရွေးချယ်စေလွှတ်ထားသည့် သင်တန်းသားဦးရေ ၈၀ခန့် ပါဝင်ကြောင်း S.O.F တပ်ဖွဲ့မှူး ရဲဘော် အောင်စံရှားက ပြောသည် ။
“အဓိကက ၂၀၂၅ မှာ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်မယ့် စစ်ဒေသတွေဖြစ်တဲ့ ပဲခူး၊ ရန်ကုန်၊ မွန်နဲ့ တနင်္သာရီဒေသတွေ အတွက် အဓိကအင်အားဖြည့်တင်းပြီး တာဝန်ထမ်းဆောင်မယ့် အထူးတပ်ဖွဲ့ဝင်များ မွေးထုတ်ပေးတဲ့ သင်တန်းဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
သင်တန်းဆင်းပြီးနောက် မိခင်တပ်ရင်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး S.O.F အနေဖြင့် သင်တန်းဆင်း ရဲဘော်များဖြင့် အထူးတပ်ရင်း၊ တပ်ဖွဲ့များလည်း တိုးချဲ့ဖွဲ့စည်းသွားရန်ရှိကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
အပတ်စဥ် ၈ အတွက်လည်း သင်တန်းသားအသစ်များ ခေါ်ယူနေကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
အထူးစစ်ဆင်ရေးသင်တန်းကို သင်တန်းကာလ လေးလခွဲ ကြာဖွင့်လှစ်၍ ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ၊ အခြေခံ စစ်ပညာနှင့် အထူးစစ်ဆင်ရေး ဘာသာရပ်များကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း ရဲဘော်အောင်စံရှားက ဆိုသည်။
သင်တန်းဆရာများအဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် S.O.F မှ နည်းပြများအပြင် အမေရိကန် မရိမ်း သင်တန်းဆရာဟောင်း မြန်မာနိုင်ငံသားများ ပါဝင်ကြောင်း S.O.F တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သင်တန်းအပတ်စဥ် ၅ နှင့် ၆ တွင်လည်း တနင်္သာရီတိုင်းက သင်တန်းသားများပါဝင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ထားဝယ်မြို့နယ်၊ ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွင် အပတ်စဥ် ၅ သင်တန်းဆင်း ရဲဘော်များ တိုက်ပွဲဝင်ခဲ့ကြောင်း S.O.F ၏ မှတ်တမ်းအရသိရသည်။
S.O.F သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။