မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ
အကျဉ်းသား ၅၈၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပြု၊ နိုင်ကျဉ်းခြောက်ရာခန့်ပါဝင်
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၀၀ ကျော်ကို စစ်ကောင်စီက ဇန်နဝါရီလ ၄ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
အဲဒီလို လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ NLD အစိုးရ လက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာမှာ ပါဝင်လာပါတယ်။ ဒေါက်တာခက်အောင်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ်မှာ ထောင်ဒဏ် ၁၂နှစ် ချမှတ်ထားတာပါ။
ဒါ့အပြင် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း အင်းစိန်ထောင်ကနေ လွတ်မြောက် လာတာကို တွေ့ရပါတယ်။ ထောင်ဒဏ်တစ်သက်ကျခံနေရသူ ၁၄၀ ကျော်ကို ထောင်ဒဏ် ၁၅နှစ်သို့ သက်သာခွင့်ပြုခဲ့သလို ထိုင်းနိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ၁၈၀ ကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
……………………………………..
မြို့နယ် ၆၀နီးပါးမှာ သန်းခေါင်စာရင်း လုံးဝမကောက်နိုင်
လုံခြုံရေးအခြေအနေအရ မြို့နယ်လုံးကျွတ် သန်းခေါင်စာရင်းမကောက်နိုင်တာ ၅၈ မြို့နယ်ရှိပြီး တစ်စိတ်တစ်ပိုင်း မကောက်နိုင်တာ ၁၂၇ မြို့နယ်ရှိတယ်လို့ စစ်ကောင်စီက ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အထဲက ၁၄၅ မြို့နယ်မှာပဲ ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁ ရက်က စတင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေစာရင်းနဲ့ နှိုင်းယှဉ်ရင် လူဦးရေတစ်သိန်းခုနစ်သောင်းနီးပါး လျော့နည်းသွားတာတွေ့ရပါတယ်။
၂၀၂၄ ရှေ့ပြေးလူဦးရေစာရင်းမှာဖော်ပြတဲ့ လူဦးရေ ၅၁သန်းကျော်ထဲမှာ စာရင်းကောက်ယူရရှိတာက ၃၂ သန်းကျော်ဖြစ်ပြီး ကျန် ၁၉သန်းကျော်ကတော့ စာရင်းမကောက်နိုင်တဲ့ဒေသတွေအတွက် ခန့်မှန်းထည့်သွင်းထားတဲ့ လူဦးရေစာရင်းဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းစစ်ရေးပဋိပက္ခပြင်းထန်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေကြရချိန်၊ ပြည်သူတွေ လုံခြုံရေးစိုးရိမ်နေကြချိန် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းရလဒ် တိကျမှန်ကန်မှုအပေါ် မေးခွန်းထုတ်မှုများစွာ ရှိနေပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အပူတပြင်း ကောက်ယူခဲ့တာလည်း ဖြစ်ပါတယ်။
……………………………………..
VPN ဝန်ဆောင်မှုပေးရင် ထောင်ခြောက်လချနိုင်တဲ့ ဆိုင်ဘာဥပဒေပြဋ္ဌာန်း
ခွင့်ပြုချက်မယူဘဲ VPN ထူထောင်ရင်နဲ့ ဝန်ဆောင်မှုပေးရင် ထောင်ဒဏ်ခြောက်လ အထိအပြင် ငွေဒဏ် ကျပ်သိန်း တစ်ရာအထိ ပြစ်ဒဏ်ချနိုင်တဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီလ ၁ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
စစ်ကောင်စီက Facebook အသုံးပြုခွင့်ပိတ်ထားတာကြောင့် Facebook အသုံးပြုလိုသူတွေဟာ VPN ချိတ်ဆက်ပြီး သုံးစွဲနေကြရတာပါ။ အခုလိုပြဋ္ဌာန်းလာတာကြောင့် VPN ဝန်ဆောင်မှုပေးသူတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပြည်သူတွေ ကြည့်ရှုဖို့မသင့်လျော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ် နည်းပညာနဲ့ ဖြန့်ချိတာ၊ ကူးယူစေ တာ၊ ရောင်းချတာလုပ်ရင်လည်း ထောင်ဒဏ်ခြောက်လအထိ၊ ငွေဒဏ်ကျပ်သိန်းတစ်ရာအထိ ပြစ်ဒဏ်ချနိုင်တယ်လို့ဖော်ပြ ပါတယ်။ ဒီဂျစ်တယ်ပလပ်ဖောင်းဝန်ဆောင်မှုပေးသူတွေဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သုံးနှစ်အထိ ထိန်း သိမ်းထားရမှာဖြစ်ပြီး အဲဒီအချက်အလက်တွေကို စစ်ကောင်စီက တောင်းရင် ပေးရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဆိုင်ဘာလုံခြုံရေးဥပဒေဟာ နည်းပညာအသုံးပြုပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးထိန်းချုပ်ဖို့ထက် စစ်ကောင်စီ အပေါ် ဆန့်ကျင်သူတွေကို ဖမ်းဆီးအရေးယူဖို့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့၊ စစ်ကောင်စီကျူးလွန်တဲ့ ပြစ်မှုတွေကို သတင်းအမှောင်ချပြီး ဖုံးကွယ်ဖို့အတွက် လုပ်ဆောင်တာလို့ ဝေဖန်မှုတွေရှိနေပါတယ်။
……………………………………..
နှစ်သစ်ကူးကာလ တိုင်းနဲ့ပြည်နယ်ခုနစ်ခုမှာ လေကြောင်းတိုက်ခိုက်ခံရ
နှစ်သစ်ကူးကာလမှာ တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြေင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာလ ၃၁ တစ်ရက်တည်းမှာပဲ ရခိုင်၊ မန္တလေး၊ ကရင်နီ၊ ပဲခူး၊ ရှမ်းတောင်စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်း တိုက်ခိုက်တာတွေ ကြုံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ရွာကို တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲ တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့ပါတယ်။ ကရင်နီပြည်နယ် လွိုင်ကော် မြို့နယ်ထဲက ဒုက္ခသည်စခန်း ဗုံးကြဲခံရတာကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သကျင်ရွာမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရပါတယ်။ ပဲခူးတိုင်း ဖြူးမြို့နယ် ရမ်းနဂါးရွာ ဟိန္ဒူဘုရားကျောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ တွေ လည်းရှိတယ်လို့ ပြည်တွင်းသတင်းတချို့မှာဖော်ပြချက်အရ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ဇန်နဝါရီလ ၁ရက်နေ့မှာဆိုရင်လည်း ရှမ်းမြောက်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတွေမှာ လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ရှမ်းမြောက်က သိန္နီမြို့ဝန်းကျင် လေကြောင်းနဲ့ ဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာသူတော့ မရှိခဲ့ပါဘူး။ ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်နဲ့ ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေထဲက ကျေးရွာသုံးရွာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် သထုံခရိုင်နဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပတဲ့ နေရာနှစ်ခု ဒီဇင်ဘာလ ၃၀ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ KNU ထိန်းချုပ်နယ်မြေထဲ လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
……………………………………..
တစ်နှစ်အတွင်း သတ်ဖြတ်မှု ၁၈၀၀နီးပါးရှိ၊ စစ်မှုထမ်းဥပဒေကြောင့် လူသုံးသောင်းကျော် အဖမ်းခံရ
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက တရားလက်လွတ် သတ်ဖြတ်မှု ၁၈၀၀ နီးပါးရှိတယ်လို့ အမျိုးသားညီညွတ်ရေအစိုးရက ထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ ၂၀၂၃ခုနှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာတာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် ပစ္စည်းဥစ္စာဖျက်ဆီးတာအကြိမ်ရေ ၁၃၀၀ ကျော်၊ မတရားဖမ်းဆီးတာ အကြိမ်ရေ ခုနစ်ရာနီးပါး၊ အတင်းအဓမ္မ နေရပ်ကနေ ပြောင်းရွှေ့ခိုင်းတာ အကြိမ်ရေ ၃၆၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးက စစ်ကိုင်းဖြစ်ပြီး သူ့နောက်မှာ ပဲခူးနဲ့ ရခိုင်က ဒုတိယနဲ့ တတိယ အများဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ် ၁၁၀၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ နှစ်သောင်းသုံးထောင်နီးပါးရှိတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
……………………………………..
ဂွမြို့နယ်ကို AA သိမ်းယူ၊ AA သိမ်းယူတဲ့ မြို့နယ် ၁၅ခုရှိလာ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အခြေစိုက်တပ်ရင်းနှစ်ခုကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၂၉ရက်မှာ သိမ်းယူပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပါတယ်။
ဂွမြို့နယ်ကို စစ်ကူလာသည့် တပ်ရင်း ၁၀ ကျော် အပါအဝင် စစ်ကောင်စီက အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံခဲ့ပေမယ့် နှစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ တပ်မ (၁၁) ရဲ့ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့နဲ့ အခြားအဆင့် အမြောက်အများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေး တစ်နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ခုကို AA က သိမ်းယူ နိုင်ခဲ့ပါတယ်။ ရခိုင်မှာ ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ရခိုင်တောင်ပိုင်းက မာန်အောင်မြို့နယ်တွေပဲ စစ်ကောင်စီထိန်းချုပ်နိုင်တော့တာပါ။
ဂွမြို့နယ်ကို သိမ်းယူပြီးနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှာကို အမြဲတမ်းအသင့်ရှိနေတယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
……………………………………..