စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးရာတွင် မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား ၃၂ ဦးလွတ်မြောက်ခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ရက်နေ့၌ လွတ်ငြိမ်းခွင့်တွင် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးနှင့် အကျဉ်းသူ သုံးဦး ပါဝင်ကြောင်း ၎င်းတို့ကဆိုသည်။
ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ သုံးဦးမှာ တနင်္သာရီမြို့တွင်နေထိုင်သည့် မဝါဝါမြင့်၊ ပုလောမြို့နေ မသီသီချိုနှင့် ဒေါ်အေးဝင်း တို့ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား သုံးဦး၏ ကိုယ်ရေးအချက်အလက်များကိုမူ စုံစမ်းနေဆဲဖြစ်သည်။
“လွတ်မြောက်တဲ့ သူတွေမှာ လွတ်ရက်စေ့သူတွေက တစ်ဝက်လောက်ပါတယ်လို့သိရတယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတချို့ပါတယ်ဆိုတာလည်းဟုတ်တယ်” ဟု အကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများအပြင် ကျန်သည့် ၂၆ ဦးမှာ မည်သည့်ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရသည်ကို စုံစမ်းနေဆဲဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်နှင့် ကော့သောင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူအရေအတွက်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းရှိ မရှိကိုလည်း စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းထားသူ ၆၀၀ခန့်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများမှတစ်ဆင့် ပြောဆိုထားသည်။