BREAKING
January 6, 2025

ထားဝယ်-ထီးခီးလမ်းတွင် ကော်သူးလေတပ်ကပစ်သဖြင့် KNLA ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံး

January 4, 2025

ပုံစာ - KNLA တပ်ရင်း(၁၀) တပ်ခွဲ(၁)မှ ဒုတပ်ခွဲမှူးစောလားဒို။

ထားဝယ်-ထီးခီးကားလမ်း ဝါးတောရွာအနီး ကော်သူးလေတပ်(KTLA) ကပစ်ခတ်မှုကြောင့် KNLA တပ်ရင်း(၁၀) တပ်ခွဲ(၁)မှ ဒုတပ်ခွဲမှူးစောလားဒို သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့လယ်ပိုင်းတွင် ဝါးတောရွာကိုသွားသည့် KNLA တပ်ရင်း(၁၀)မှ ဒုတပ်ခွဲမှူး စောလားဒိုလိုက်ပါလာသည့် ကားကို KTLA တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့များထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။

“အဲ့ဒီအထဲမှာ စောလားဒိုက ဆုံးသွားတယ်။ ရဲဘော်တစ်ယောက်ဒဏ်ရာရတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ လွတ်မြောက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ထားဝယ်-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ရွာအနီးတွင် အရပ်သားကားတစ်စီးကို KTLA တပ်ဖွဲ့က မီးရှိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ တပ်မမှူး ဗိုလ်အယ်ခွီးကို ယနေ့နေ့လယ်ပိုင်းက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ကလည်း ဒီဇင်ဘာ ၁၈ ရက်ကစပြီး အရှေ့တောဒေသ ပကာရီ၊ တောင်သုံးလုံး၊ ကျောက်မဲတောင်စခန်းဘက်ကို စစ်ကြောင်းထိုးရောက်ရှိနေသည်။

ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း KTLA က ဒီဇင်ဘာ ၂၇ ရက်တွင် သတိပေးတားမြစ်စာထုတ်ပြန်ထားသည်။

သတိပေးတားမြစ်ချက်ကိုမလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်လာပါက တပ်မဌာနချုပ်နှင့် တပ်ရင်းဌာနချုပ်မှ လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ယင်းစာတွင်ဖော်ပြထားသည်။

ထားဝယ်-ထီးခီးလမ်းတလျောက်နယ်မြေစိုးမိုးထိန်းချုပ်ထားသည့် KNU တပ်မဟာ(၄) KNLA တပ်ရင်းတပ်ဖွဲ့နှင့် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုမှာ ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စကာယနေ့အထိဖြစ်ပွားနေခြင်းဖြစ်သည်။