(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်။
ယင်းအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ၊ ၅၀၅ (ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့သရုပ်ဆောင်မော်ဒယ်လ် သင်ဇာဝင့်ကျော်လည်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသည်ကို တွေ့ရသည်။ သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ထောင်ဒဏ် ငါးနှစ် ချမှတ်ထားခြင်းဖြစ်သည်။
လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူတို့သည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဖြစ်ကြောင်းလည်း ကန့်သတ်ချက် ထည့်သွင်းထားသည်။
ယင်းအပြင် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅နှစ်သို့ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံသားအများစုပါဝင်သည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဖော်ပြသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်အမှုများ၊ မူးယစ်ဆေးဝါးအမှု၊ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုများ၊ ဘေးစီမံဥပဒေ၊ အကြမ်းဖက်မှု၊ အဂတိ လိုက်စားမှုများမှ အပ ကျန်ပြစ်မှုများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းခွင့်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။