BREAKING
February 25, 2025

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန်အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပြန်လွတ်

January 4, 2024

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးလိုက်ရာတွင် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အပါအဝင် နိုင်ငံသားအကျဉ်းသား အနည်းငယ်သာ ပါဝင်ကြောင်း ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဒေါက်တာလှမြတ်သွေးမှာ ပုသိမ်အကျဉ်းထောင်မှ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ထားခြင်းဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာရဲလွင်လည်း မန္တလေး အိုးဘိုအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်။

စစ်ကောင်စီက ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထောင် ၂နှစ်ချမှတ်ခဲ့ပြီး လွတ်မြောက်ခါနီး ၂၀၂၂ နှစ်ကုန်ပိုင်းတွင် နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစာမှု ပုဒ်မ ၄၀၉ဖြင့် ထပ်မံတရားစွဲကာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို စစ်ကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၂၅၀၀၀ ကျော်ရှိပြီး ယင်းအနက် ၁၉၀၀၀ ကျော်မှာ ထိန်းသိမ်းခံထားရ ဆဲဖြစ်ကာ ရှစ်ထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ထုတ်ပြန်ထားသည်။