အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းကောင်စီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသူ ဦးတင်အောင်ကို ဇန်နဝါရီလ ၄ ရက် ၊ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။
ဦးတင်အောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ယူကာ အငြိမ်းစားယူပြီးနောက် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနင်္သာရီတိုင်းကောင်စီ ဥက္ကဋ္ဌအဖြစ် ၆ လ ခန့်အပ်ခံခဲ့ရသည်။
ဝဏ္ဏကျော်ထင် ဘွဲ့ပေးရာတွင် တိုင်းကောင်စီဥက္ကဋ္ဌအနေဖြင့် ပေးခြင်းမဟုတ်ဘဲ တိုင်းတရားသူကြီးချုပ် အငြိမ်းအစားအဖြစ် ပေးခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တနင်္သာရီတိုင်းက တိုင်းတရားသူကြီးချုပ် အငြိမ်းစား ဦးမြင့်ဝင်းဆိုသူလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးခြင်းခံရသည်။
ယင်းအပြင် ၂၀၀၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူ တနင်္သာရီတိုင်းက ပညာရေးဝန်ထမ်းသုံးဦးနှင့် ထွေအုပ်ဝန်ထမ်း တစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးကိုလည်း စစ်ကောင်စီက လူမှုထူးချွန် ပထမဆင့် ဆုတံဆိပ်များ ပေးအပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် မှာမူ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချထားပြီး ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင်လည်း ပါဝင်ခြင်းမရှိပေ။