ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခမောင်းဝနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။
ခမောင်းဝစခန်းကုန်းကို ဇန်နဝါရီလ ၂ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး ချင်းလက်ဝစခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။
စခန်းကုန်းများကို သိမ်းယူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ ရရှိပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။
ပလက်ဝဒေသတွင် ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများဖြစ်သည့် ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းတို့နှင့် စခန်း ရှစ်ခုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။
ပလက်ဝဒေသအတွင်းသာမက ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမျှမကျန်အောင် တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။
ဒီဇင်ဘာလ ၂၇ရက်၊ ၂၈ ရက်နေ့တို့လည်း ပလက်ဝမြို့နယ်ထဲက ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ပွိုင့် ၃၇၇ တို့ကို သိမ်းယူလိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။
ရခိုင်နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန် ကြိုးပမ်းနေကြောင်းလည်း ကြေညာထားသည်။




