Princes in The Darkness 1990s
အခန်း(၆)
အမှောင်ထုသည် တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားနေ၏။
ကားမောင်းလာသည့်အချိန်မှာ နှစ်နာရီနီးပါးပင် ရှိလုပြီဟု ဗေဒါ စိတ်ထဲမှ ခန့်မှန်းရင်း လိုက်ပါလာသည်။
ထောက်ကြံ့မှ နှစ်နာရီခရီးသွားရသော နေရာသည် မည်သည့်နေရာနည်း။
ဘယ်သောင်၊ ဘယ်ကမ်း၊ ဘယ်စခန်းဆီ သူ့ကို ခေါ်သွားကြမည်နည်း။
ဖြစ်ချင်ရာ ဖြစ်။ ဖြစ်သမျှ ရင်ဆိုင်နိုင်ရမည်။ စစ်ကြောရေးသို့ ပို့လျှင်လည်း ဘယ်နည်းနှင့်ဖြစ်ဖြစ် သူတောင့်ခံသွားမည်။
သူ့ကြောင့် မစ္စတာလု၏ ပစ္စည်းများ ပါသွားခဲ့ပြီးပြီမို့..နောက်ထပ် မစ္စတာလုကို ထပ်မံထိခိုက်မည့်ကိစ္စမျိုး သူမလုပ်နိုင်။
သူသာ ခေါင်းခံရင်ဆိုင်ဖို့ ဗေဒါ ဆုံးဖြတ်ချက်ချထား၏။
ကားရပ်သွားပြီ။
“ဖြည်းဖြည်း ဆင်း”
လူတစ်ယောက်က သူ့လက်မောင်းကို တွဲကူပြီး ကားပေါ်မှ ဆင်းလိုက်သည်။
ခြေလှမ်းဆယ်လှမ်းခန့်လျှောက်လာပြီးနောက်..
“ရှေ့မှာ လှေကားငါးထစ်တက်ရမယ်..သတိထားတက်”
ယခုအချိန်အထိ သူ့အား ခေါင်းစွပ်ချွတ်မပေးသေး။
ဗေဒါက လှေကားငါးထစ်ကို မှန်း၍ တက်လိုက်သည်။
“ကဲ..ငုတ်တုပ်ထိုင်ချလိုက်”
ဗေဒါက ငုတ်တုတ်ထိုင်ချလိုက်သည်။
“ငါတို့ မေးတာကို အမှန်အတိုင်းဖြေရင်..မင်းအတွက် သက်သက်သာသာဖြစ်မယ်..မဟုတ်ရင်တော့”
ခေတ္တမျှ အသံများ တိတ်သွား၏။
လူနှစ်ယောက်လမ်းလျှောက်ဝင်လာသံနှင့် ထိုင်ခုံများဆွဲယူသံ ကြားရသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ”
ခုနက အသံရှင်ပင်။
“ဗေဒါပါ”
“မင်း ကားထဲမှာ ပါတဲ့ ပစ္စည်းတွေကို ဘယ်သူက ပို့ခိုင်းတာလဲ၊ ဘယ်ကိုပို့ဖို့လဲ”
“အဲ့ဒါ ကျွန်တော်ပစ္စည်းတွေပါ…ကျွန်တော်မှောင်ခိုကူးလာတာပါ”
တဖက်မှ ရယ်သံများ သဲ့သဲ့ထွက်လာသည်။
“ဒီပစ္စည်းတွေက တန်ဖိုးနဲ့… မင်းစောက်ဆင့်နဲ့..ကြည့်ကျက်ရွှီး..ဟိတ်ကောင်”
“ခင်ဗျားတို့က ကျုပ်ကို ဘာထင်နေတာတုန်း…ဒါတွေအားလုံး ကျုပ်ပစ္စည်းတွေ..ခင်ဗျားတို့ ပေးတဲ့ ပြစ်ဒဏ်ကျုပ်ခံမယ်”
“တယ်လာတဲ့ကောင်ပါလား..မင်းကို အခုသတ်ပစ်မယ်ဆိုရင်ရော”
ဗေဒါ ခေတ္တမျှ တိတ်ဆိတ်သွားသည်။
တစ်စုံတစ်ခုကို ဖြေရန် ပြင်လိုက်စဉ်..။
ဗေဒါ၏ ခေါင်းစွပ်အမဲကို ဆွဲချွတ်ခြင်းခံလိုက်ရ၏။
မီးသီးဖျော့ဖျော့ထွန်းထားသော အခန်းအတွင်း သူ့ရှေ့တွင် ထိုင်ခုံကိုယ်စီနှင့် ထိုင်နေကြသော လူများကို ဗေဒါ မော့ကြည့်လိုက်သည်။
သူ့အား ဖမ်းစဉ်က ပါလာသည့် ဗိုလ်မှူးအဆင့်ပုဂ္ဂိုလ်ဘေးတွင် ခြေထောက်ချိတ်ထိုင်နေသော မစ္စတာလု ကို တွေ့လိုက်ရသဖြင့် ဗေဒါ အလန့်တကြားဖြစ်သွား၏။
မစ္စတာလုက ဗေဒါကို မပြုံးမရယ်ဖြင့် စိုက်ကြည့်နေသည်။
ဗိုလ်မှူးအဆင့်နှင့်လူက သူ့ကိစ္စကုန်ပြီဆိုသည့်သဘောဖြင့် မတ်တပ်ထရပ်လိုက်၏။ ထို့နောက် မစ္စတာလုကို အလေးပြုကာ အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။
ဗေဒါမှာ ထိုအခြေအနေကို အံဩတကြီးဖြင့်ပင် ငေးကြည့်မိနေ၏။ ကျန်ရစ်ခဲ့သည့်တစ်ယောက်က ဗေဒါကို လက်ထိပ်ဖြုတ်ပေးပြီးနောက် မစ္စတာလုကို အလေးပြုကာ ထပ်ထွက်သွားပြန်သည်။
မစ္စတာလု ၏ ဩဇာအာဏာကို ဗေဒါ လျှော့တွက်၍မရတော့။
အခန်းထဲတွင် မစ္စတာလုနှင့် ဗေဒါနှစ်ဉီးတည်းသာကျန်သည့်အခါ မစ္စတာလုက လွတ်နေသည့်ခုံတွင် ဗေဒါအား ဝင်ထိုင်ရန် ပြောလိုက်၏။
“ကဲ…မင်း..ငါ့ကို ပွင့်ပွင့်လင်းလင်း..ဝန်ခံတော့…မင်းဘယ်အဖွဲ့ကလဲ…စီအိုင်အေကလား..ဒါမှမဟုတ်.. ဖုန် အုပ်စုကသူလျှိုလား”
ဗေဒါက ရယ်လိုက်သည်။
“ဒီမယ်…ကျွန်တော် က ဘယ်သူလူမှ မဟုတ်ဘူး…ခင်ဗျားခိုင်းတာလုပ်နေတဲ့လူပဲလေ”
“ငါခိုင်းတဲ့အထဲမှာ…မင်းကို ကားမောင်းလာခိုင်းတာပဲပါတယ်..ကားရပ်ပြီး ငါ့ပစ္စည်းတွေကို စစ်လားဆေးလား လုပ်တာမပါဘူးကွ..နားလည်လား”
မစ္စတာလုက ထိုင်ခုံလက်တန်းကို လက်ဝါးဖြင့် ပုတ်ကာ ဒေါသတကြီး မတ်တပ်ရပ်လိုက်၏။
ဗေဒါက တည်ငြိမ်စွာပင် မော့ကြည့်လိုက်သည်။
“ကျွန်တော်..မစ္စတာလုပစ္စည်းတွေကို ဖွင့်ကြည်မိတယ်ဆိုတာ…ကိုယ့်ကို သယ်ခိုင်းတဲ့ ပစ္စည်းတွေဟာ ဘာတွေလဲဆိုတာ သိချင်ယုံသက်သက်ပဲ…ဘာမှန်းမသိတဲ့ ပစ္စည်းတွေကို သယ်ပေးနေရတာထက်စာရင် ဘာပစ္စည်းလဲဆိုတာ သိထားတာက ခင်ဗျားအတွက်ရော ကျွန်တော့်အတွက်ပါ ပိုကောင်းမယ်လို့ ကျွန်တော်ထင်လို့ပါ… ကျွန်တော်သာ မရိုးသားဘူးဆိုရင်…လောရှည်တို့ ကားနောက်ကို ပြန်လိုက်လာပါ့မလား..ဒီပစ္စည်းတွေပိုက်ပြီး တစ်နေရာကို လစ်လောက်ပြီပေါ့..မစ္စတာလု”
ဗေဒါ၏ စကားအဆုံးတွင် မစ္စတာလု ပြန်ထိုင်သွား၏။
“ဒါဆို..ခုန မေးတော့..ဒီပစ္စည်းတွေက မင်းပစ္စည်းတွေပါလို့ ဘာလို့ပြောလဲ”
“ကျွန်တော် လုပ်တဲ့ကိစ္စ ကျွန်တော်ခံမယ်လေ…ခင်ဗျားတို့ကို ဆွဲမထည့်ချင်လို့..ဒီလိုဖြေတာ..ရှင်းနေတာပဲ”
မစ္စတာလု၏ ရာသီဥတုမှာ အနည်းငယ်ကြည်ကြည်လင်လင်ဖြစ်လာသည်။
တင်းမာနေသော မျက်နှာမှာ အနည်းငယ်လျော့ကျသွား၏။
“မစ္စတာလု…ကျွန်တော်တို့ ရေရှည်အလုပ်တွဲလုပ်ကြမယ်ဆိုရင်…တစ်ယောက်နဲ့ တစ်ယောက်ကြား ပွင့်ပွင့်လင်းလင်းရှိကြဖို့ လိုမယ်ထင်တယ်…ကျွန်တော် ဘက်က ခင်ဗျားကို သစ္စာရှိရှိအလုပ်လုပ်ပေးဖို့ အသင့်ပါပဲ..ခင်ဗျား မယုံဘူးဆိုရင်တော့…ကျွန်တော့်ကို အခု ကြိုက်သလိုလုပ်လိုက်နိုင်ပါတယ်”
ဗေဒါ၏ စကားဆုံးသည်နှင့် မစ္စတာလု က ခေါင်းကို ခပ်ဖြည်းဖြည်းခါလိုက်သည်။
ထို့နောက် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ယူကာ သူ၏ နှုတ်ခမ်းတွင် တေ့လိုက်၏။
ဇစ်ပိုမီးခြစ်ကို ထောက်ခနဲခြစ်မီးညိှ့လိုက်ပြီးနောက် မီးခိုးများကို မျက်နှာကျက်သို့ ဖွာထုတ်လိုက်သည်။
“ဒီမယ်..ကောင်လေး… ငါတို့မှာ လူတစ်ယောက်ကို ယုံကြည်ခြင်းလည်း မရှိသလို..မယုံကြည်ခြင်းလည်း မရှိဘူး…အဲ့ဒီလူရဲ့ အလုပ်လုပ်ပုံကိုကြည့်တယ်၊ ပြီးရင်.. အဲ့ဒီလူ လုပ်ပေးတဲ့အလုပ်က ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိစေလဲ၊ အပြစ်ရှိစေလဲဆိုတဲ့အချက်ပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်တယ်ကွ… မင်းကို ခုန စစ်ဗိုလ်က သတ်ပစ်လိုက်ရမလားမေးတော့..မင်းဖြေတဲ့ အဖြေကို ငါမကြားရခင် ခေါင်းစွပ်ချွတ်ခိုင်းလိုက်တာ..ဘာကြောင့်လဲသိလား”
ဗေဒါက ခေါင်းခါပြလိုက်သည်။
“မင်းအဖြေပေါ်မူတည်ပြီး မင်းအပေါ် ငါ့ရဲ့ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းတွေ ဖြစ်ပေါ်လာမှာစိုးလို့ပဲ…ဒီမယ်..မင်းက ဘယ်သူဆိုတာ ငါနဲ့မဆိုင်ဘူး၊ မင်း ကိုးကွယ်တဲ့ဘာသာ၊ မင်းလူမျိုး ငါနဲ့မဆိုင်ဘူး..မင်းမိသားစုငါနဲ့မဆိုင်ဘူး…မင်း ဘယ်လိုစိတ်ထားရှိမရှိဆိုတာ ငါနဲ့ မဆိုင်ဘူး.. ငါနဲ့ဆိုင်တာကတော့…မင်းလုပ်ပေးနေတဲ့ ငါ့အလုပ်ပဲ…ငါ့အလုပ်ကို မင်းဘယ်လိုလုပ်လဲဆိုတဲ့အချက်ပဲ ငါစိတ်ဝင်စားတယ်..ဒီတော့…မင်းလုပ်စရာရှိတာကို နောက်ဆံမတင်းပဲလုပ်…ငါက ဘာပစ္စည်းပဲ သယ်ခိုင်းသယ်ခိုင်း…မင်းအတွက် အန္တရာယ်မဖြစ်စေရဘူးမှတ်…ခုန ငါ့ကိုအလေးပြုသွားတာ ထောက်လှမ်းရေးက ဗိုလ်မှူးပဲ..ဒီတော့ မင်းသိထားဖို့က..မင်းနောက်မှာ ငါရှိနေတယ်..ငါဖြေရှင်းပေးနိုင်တယ်ဆိုတာပဲ”
မစ္စတာလုက သူ့ထုံးစံအတိုင်းပင် စကားဆုံးသည်နှင့် အခန်းထဲမှ ထထွက်သွား၏။၊
ဗေဒါက ကြောင်တောင်တောင်ဖြင့် အခန်းတွင်း ထိုင်လျက်ကျန်ခဲ့သည်။
မစ္စတာလုထွက်သွားအပြီးတွင်ပင် အခန်းတွင်း မီးများ ထိန်ထိန်လင်းလာ၏။
အခန်းဝတွင် ရပ်နေသော ဂျာနူး။
ဂျားနူး လက်ထဲတွင် ဆယ်လူလာဖုန်းတစ်လုံး။
“ရော့..ဒီမှာ ရှင့်ကို ပေးထားတဲ့ဖုန်း..အပြင်မှာ သော့တန်းလန်းနဲ့ ကားတစ်စီးအသင့်ရှိတယ်..ရှင်ပြန်အနားယူလို့ရပြီ”
ဂျာနူးက သူ့လက်ထဲသို့ ဆယ်လူလာဖုန်းကို ထိုးထည့်ပြီး ပြန်အလှည့်..ဗေဒါက ဂျာနူးလက်ကို ဖတ်ခနဲ လှမ်းဆွဲထားလိုက်သည်။
“ဟေ့..နေဉီး”
ဂျင်းပင်ကျပ်ကျပ်ကို ဝတ်ထားသည့် ဂျာနူးက သူ၏ ဒေါက်ဖိနပ်ခွာဖြင့် ဗေဒါ၏ ခြေဖဝါးကို ဆောင့်နင်းချလိုက်၏။
“အား”
ဗေဒါက ဂျာနူးလက်ကို လွှတ်ကာ အော်လိုက်သည်။
“ရှင့်လက်..ရှင့်ခြေတွေကို စည်းကမ်းရှိပါ”
“ဟာ..စက်ရုပ်မကတော့..ခင်ဗျားကို ကျွန်တော်က မေးစရာရှိလို့ပါ”
“မေးစရာရှိရင် ကောင်းကောင်းမေးလေ..လက်က ကျော်မလာနဲ့”
“ဟုတ်ပါပြီ…ခင်ဗျားကရော..ဒီစစ်ကြောရေးစခန်းမှာ နေခဲ့မှာလား..ကျွန်တော်ပြန်လိုက်ပို့ပေးရမလားလို့ အကောင်းနဲ့ မေးမလို့ဟာကို”
ဗေဒါစကားကြောင့် ဂျာနူးက မပြုံးစဖူး ပြုံးလိုက်သည်။
“အံမယ်..ဒီလိုရယ်လိုက်တော့လည်း…ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါလား”
ဗေဒါ စိတ်ထဲကပင် ပြောရဲတော့၏။ နို့မဟုတ်..ဒီတစ်ခု သူ့ဒေါက်ဖိနပ်က ဗေဒါ့ခြေဖျားတင်မက…ပေါင်ခြံခွကြားရောက်လာလျှင် အခက်။
“မစ္စတာလုက ဘယ်လို လူလည်ကြီးကို သူ့အလုပ်ခန့်လိုက်လဲတော့ မပြောတတ်ဘူး..အခု ရှင်ရောက်နေတဲ့ နေရာကို ရှင်က ဘယ်နေရာထင်နေလို့လဲ..အဟက်”
ဂျာနူးက သွားတက်ကလေးပေါ်အောင်ရယ်ကာ အပြင်ဘက်သို့ ထွက်သွားတော့၏။
ဗေဒါ..အခန်းတံခါးအပြင်သို့ ရောက်သည့်အခါမှ ဂျာနူးရယ်သွားသည်ကို သဘောပေါက်တော့သည်။
တကယ်တော့ သူရောက်ရှိနေသည်မှာ စစ်တပ်ဝန်းလည်းမဟုတ်။ စစ်ကြောရေးလည်းမဟုတ်။
ပထမဆုံးအကြိမ်က မစ္စတာလုနှင့် သူစတင်တွေ့ခဲ့သည့် ယောမင်းကြီးလမ်းမှ အိမ်ရှိ အခန်းတစ်ခန်းသာဖြစ်နေသည်ကို ဗေဒါ သိလိုက်ရသည်။
ဧည့်ခန်းကိုဖြတ်ကျော်ပြီးနောက် ပေါ်တီကိုအောက်တွင် အသင့်ရပ်ထားသော ဆန်နီပစ်ကပ်ကားတစ်စီး ဆီသို့ သူလျှောက်သွားလိုက်၏။
ဂျာနူးပြောသည့်အတိုင်း ကားထဲတွင် သော့တန်းလန်းချိတ်လျက်။
ဗေဒါက ကားပေါ်သို့တက်ထိုင်လိုက်ပြီးနောက် ခြံအနေအထားကို အကဲခတ်လိုက်သည်။
ပထမအကြိမ်ကဲ့သို့မဟုတ်ပဲ…ခြံအတွင်း အလုပ်သမားလူငယ်သုံးလေးဉီးကို တွေ့ရ၏။
ကားများကလည်း ယခင်ကထက်ပိုများလာသည်ကို သတိထားမိသည်။
ထူးထူးခြားခြား သိန်းငှက်များမွေးထားသည့် အဆောက်အဉီတစ်ခုနှင့် ဒိုဘာမင်ခွေးများမွေးထားသည့် ခြံနှစ်ခြံကိုပါ တွေ့ရ၏။
ဗေဒါက ခြံအနေအထားကို မှတ်သားလိုက်ပြီးနောက် ကားကို မောင်းထွက်လာလိုက်သည်။
တိုက်ခန်းသို့ရောက်သောအခါ စိတ်ကို လန်းဆန်းစေရန် ရေအဝချိုးလိုက်၏။
ထို့နောက် ညစာစားရန် ပန်းဆိုးတန်းလမ်းမပေါ်ရှိ ဘီယာဆိုင်တစ်ဆိုင်သို့ ကားဖြင့်ထွက်လာခဲ့လိုက်သည်။
ဘီယာတစ်ခွက်မှာလိုက်ပြီး သူကြုံတွေ့ခဲ့ရသမျှကို ဗေဒါက ပြန်သုံးသပ်ကြည့်နေ၏။
သူသည် ဒုစရိုက်သမားတစ်ယောက်လုံးလုံးဖြစ်ခဲ့ပြီလား။
သူ့ကို ဒီလို ဒုစရိုက်လောကသို့ ရောက်စေခဲ့သည့်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည့် သိင်္ဂီလင်း။
ဟော့ဒီပန်းဆိုးတန်းတခွင်သည် သူနှင့် သိင်္ဂီလင်းတို့ တချိန်က ခြေရာချင်းထပ်ခဲ့ကြသည့်နေရာ။
တချိန်က၊ သတိတရ ၊ အလွမ်း၊ နာကြင်မှု..ခံစားချက် ဆင့်ကဲ့ဖြစ်စဉ်များ။ အုံ့သည်ထက် မှိုင်းလာ။
သူ ဘီယာတွေ တခွက်ပြီးတစ်ခွက် သောက်နေမိ။
“ဆောင်းအိပ်မက်တွေလိုပဲ ခံစားလိုက်ရတာ..မုန်းသူ့ဝိညာဉ်လေလား….ဆန့်ကျင်ဘက်တွေမြင်တော့.စိတ်လည်းမချတတ်တာ.. နှလုံးသားနဲ့ လူသားမို့ပါ….သိကြလျက်နဲ့ အမှားကြီးမှားကြပြီလား..ချစ်ခဲ့ကြရတာတွေ အလကား”
ဆိုင်ရှေ့မှဖြတ်သွားသည့် ထီတွန်းလှည်းမှ စိုးလွင်လွင်၏ မာနမျက်နှာသီချင်းသံ။
“ယူက စိုးလွင်လွင်..ကြိုက်တာလား”
“ယူက စိုးလွင်လွင်…ကြိုက်တာလား”
သိင်္ဂီလင်း၏ ခပ်ညုညုအသံ။ အပြုံး။ အကြည့်။ အရိပ်။ အညွှတ်အကွေး။ အနူးအညံ့၊၊ အပေးအယူ။
“စောက်ကောင်မ”
ဗေဒါ က ပါးစပ်မှဆဲဆိုရင်း ဘီယာဖန်ခွက်ကို စားပွဲပေါ် ဆောင့်ချပစ်လိုက်သည်။
တဆိုင်လုံး၏ အကြည့်များက ဗေဒါထံသို့။
မျက်စောင်းထိုးဝိုင်းမှ ဗလခပ်တောင့်တောင့်နှင့် လူတစ်ယောက်က ပုဆိုးကို ပြင်ဝတ်လိုက်ပြီး ထလာသည်ကို ဗေဒါ သတိထားမိလိုက်သည်။
လွတ်နေပြီဖြစ်သော ဘီယာဖန်ခွက်ကို အသင့်ဆုပ်ကိုင်ထားလိုက်၏။
ထိုသူက ဗေဒါရှေ့တည့်တည့်ခုံတွင် ဝင်ထိုင်ရန်ပြင်လိုက်စဉ်။
ဗေဒါက ထိုသူ၏ အင်္ကျီကို ဆောင့်ဆွဲလျက် ဘီယာခွက်ဖြင့် ရွယ်လိုက်သည်။
“ကိုဗေဒါ..ကျွန်တော်ပါ…ကျွန်တော် ဧရာကြီးလေ..ကျွန်တော့်ကို မမှတ်မိဘူးလား”
“ဘယ်က ဧရာကြီးလဲ…မင်း ကို ငါမသိဘူး”
ထိုသူထလာသည့် ဝိုင်းမှ လူများကလည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်ကို ဗေဒါ သတိထားမိလိုက်၏။
“အကို..ကျွန်တော်လေ…ကျောင်းတော်ကြီးမှာတုန်းက..ကိုစိုးမြတ်တပည့်..ဧရာကြီးလေ.”
ထိုအခါမှ ဗေဒါက သူ့ကိုသေချာကြည့်လိုက်သည်။
အင်းစိန်ထောင်တွင်းတွင် စိုးမြတ်နောက်တွင် အမြဲပါနေသည့် ဗလတောင့်တောင့်နှင့်လူငယ်။
အခုတော့ လူကောင်ကထွားသည့်အပြင် ဆံပင်အရှည်၊ တက်တူးများ အပြည့်ထိုးထားသဖြင့် သူရုတ်တရတ်မမှတ်မိခြင်း။
သူက ဖန်ခွက်ကို စားပွဲပေါ်ပြန်ချရင်း ထိုင်လိုက်သည်။
“ဆောရီး..ဧရာကြီးရာ..ငါလည်း ရုတ်တရတ်မို့…မမှတ်မိတာ..ညစ်နေတာလည်းပါတာပေါ့”
“အကို ဘာတွေ ညစ်နေတာလဲ…ကျွန်တော့်ကိုပြော..ဒီပန်းဆိုးတန်းဂွင်မှာတော့..ဘာမဆို ကျွန်တော် ရှင်းပေးနိုင်တယ်”
“လူမှုရေးကိစ္စတွေပါကွာ”
“ကျွန်တော်အကို့ကို ဆိုင်ထဲ ဝင်လာကတည်းကတွေ့ပါတယ်…အကိုက ကားသော့နဲ့ ဆယ်လူလာဖုန်းနဲ့..ဂိုက်ကလည်း အပြည့်ဆိုတော့…နှုတ်ဆက်ရမှာ မရဲတာနဲ့..ကြည့်နေတာ..အကို စီးပွာရေးမှာ ဂွင်ကျော်ခံရလို့လား…ဒီပန်းဆိုးတန်းမှာမဟုတ်ရင်လည်း… ရန်ကုန်မြို့ဘယ်နေရာလဲသာပြော..ကျွန်တော်မပိုင်လည်း..ကိုစိုးမြတ်ကြီး ကို ပြောလိုက်မယ်”
စိုးမြတ်ဟူသော အသံကြားသည်နှင့် ဗေဒါ စိတ်ဝင်စားသွားသည်။
“ကိုစိုးမြတ် က လွတ်ပြီလား”
“ဟာ..အကို မသိသေးဘူးလား..လွတ်ပြီလေ..လွတ်တာမှ ရိုးရိုးမဟုတ်..ရှယ်လွတ်တာ”
“ဘာလဲ..ရှယ်လွတ်တာ”
“ရှယ်လွတ်ဆိုတာ..ထောင်ကလည်းလွတ်ရော..ထောင်ပိုင်သမီးကိုပါ မ ချလာတာပြောတာ”
“ဟေ”
“မ ဟေ နဲ့ အကိုရေ…သူက အခု ရန်ကုန်မှာ စေ တစ်လုံးပိုင်ရှင်ဆရာကြီးဖြစ်နေပြီ…ဇိုးလောကမှာတော့.. ကိုစိုးမြတ်က ဘုရင်ပဲ..သူ့နောက်မှာလည်း ဘက်ဂရောင်းအကြီးကြီးရှိနေတာကိုး..နေဉီး..အကို့မှာ ဖုန်းပါတယ်မဟုတ်လား..ကိုစိုးမြတ်ကို ဆက်ကြည့်ပါလား..အကို့ ကို သူလည်းတွေ့ချင်နေမှာပါ”
“ကိုစိုးမြတ်ဖုန်းနံပါတ် မင်းက သိလို့လား”
“ဪ.ဗျာ…မသိမဖြစ် သိထားရတာပေါ့ဗျ..ကျွန်တော်က သူလက်အောက်အလုပ်လုပ်နေတာပဲကိုး”
ဗေဒါက သူ့ဆယ်လူလာဖုန်းကို ထိုးပေးလိုက်သည်။
“ဒါဆိုလည်း..သူ့ကို မင်းခေါ်လိုက်”
“ဟာ..အကိုခေါ်ပါ…သူ့ကို အကြောင်းမရှိပဲ ခေါ်တာ… ဘိုးတော်က မကြိုက်ဘူးဗျ”
“ဟ..ဘာလို့ အကြောင်းမရှိရမှာလဲ..ငါခေါ်ခိုင်းတာပဲကိုး”
ဧရာကြီးက ဗေဒါထိုးပေးသည့် ဖုန်းကို ယူကာ ဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်သည်။
“ဟယ်လို..အကိုကြီး..ကျွန်တော်ပါ ဧရာပါခင်ဗျ”
ဧရာကြီးအသံက ရုတ်တရတ် သိမ်မွေ့နူးညံ့သွားသဖြင့် ဗေဒါပင် ပြုံးလိုက်မိသည်။
“………………………………………………”
“မဟုတ်ပါဘူး..အကိုကြီးခင်ဗျ..ဘာမှ အထူးအထွေမရှိပါဘူး..ဒီမှာ ပန်းဆိုးတန်းက ဟိုဆိုင်မှာ ကိုဗေဒါနဲ့ တွေ့နေလို့..အခုဆက်နေတာလည်း သူ့ဖုန်းပါ”
“……………………………………………….”
“ဟုတ်ပါတယ်ခင်ဗျ…အီဆာကြီးအမှုက ကိုဗေဒါပါ”
“……………………..”
“အကိုနဲ့ ပြောမယ်တဲ့”
ဧရာကြီးက ဗေဒါထံ ဖုန်းထိုးပေးလိုက်သည်။
“ကိုစိုးမြတ်..ကျွန်တော်ဗေဒါပါ..နေကောင်းရဲ့လားဗျ”
“ဟာ..ဗေဒါ…မင်းအသံငါမှတ်မိနေတုန်းပဲ…ကဲ..ငါ့ကို အဲ့ဒီမှာပဲ ခဏစောင့် ငါအခုချက်ချင်းလာခဲ့မယ်”
စိုးမြတ်က ဖုန်းချသွား၏။
“ဘာတဲ့လဲ..အကို”
“မင်းတို့ဆရာက အခုပဲ ဒီကိုလာမယ်တဲ့”
ဗေဒါ၏ စကားအဆုံး ဧရာကြီးနှင့် သူ့လူတသိုက်မှာ ပြာပြာသလဲဖြစ်ကုန်သည်။
ဧရာကြီးက ကောင်တာရှိ မန်နေဂျာကို တစ်စုံတစ်ခုသွားပြောလိုက်၏။
ည ရှစ်နာရီခန့်သာရှိသေးသော်လည်း ဆိုင်တံခါးများကို တခြမ်းဆွဲပိတ်လိုက်ကြသည်။
သောက်လက်စလူများမှာ မန်နေဂျာက ဆိုင်ပိတ်မည်ဆိုသဖြင့် ငွေရှင်းလျက် ထွက်သွားကြ၏။
ဆိုင်ထဲတွင် ဗေဒါနှင့် ဧရာကြီးတို့ လူစုသာ ကျန်ရစ်တော့သည်။
မန်နေဂျာက အကြော်ခန်းထဲသို့ ဝင်ကာ အစားအသောက်များ၊ အရက်များ အသင့်ဖြစ်စေရန် စီမံနေ၏။
“ဟေ့ကောင်..ဧရာကြီး…မင်းတို့ဟာက ဘာဖြစ်နေတာလဲကွ..ချက်ချင်းကြီး”
“ဟာ..ဘိုးတော်လာမှာလေဗျာ…ကျွန်တော့်အပိုင်ထဲ သူစိတ်ကျေနပ်မှဖြစ်မှာ”
ဗေဒါက ပုခုံးကိုတွန့်ပြီး သူတို့ကို ထိုင်ကြည့်နေလိုက်သည်။
ခဏအကြာတွင် ဆိုင်ရှေ့သို့ ဂျစ်ကားတစ်စီး ဆိုက်လာ၏။
ဂျစ်ကားပေါ်မှ ဆင်းလာသူက စိုးမြတ်။
စပို့ရှပ်အစင်းကြားနှင့် သားရေဘောင်းဘီအနက်အရှည်ကို စတိုင်ကျကျဝတ်ထားသည်။
ဆံပင်ကို သေသေသပ်သပ်ဖီးထားပြီး ပုံစံက ဂိုက်အပြည့်။
သူ့နဘေးတွင်လည်း တပည့်သုံးယောက်နှင့်။
စိုးမြတ်က တစ်ဖက်ဝိုင်းရှိ ဧရာကြီးတို့အား တချက်ခေါင်းဆတ်ပြကာ ဗေဒါရှိရာဝိုင်းသို့ ဉီးတည်လာ၏။
ဗေဒါက မတ်တပ်ထရပ်လိုက်သောအခါ စိုးမြတ်က ဗေဒါကို ပွေ့ဖက်လိုက်သည်။
“အမွေတွေရသွားတဲ့ ကုဋေရှစ်ဆယ်သူဌေးသားလေး…ငါထောင်ကလွတ်တော့.. မင်းသတင်းကြားပါတယ်… မင်းစီးပွားပျက်ပြီးမွဲသွားတယ်တဲ့..အခုတော့… ကြားရတဲ့သတင်းမှားနေလို့..ဝမ်းသာတယ်.ကွာ”
ဗေဒါ ကို စိုးမြတ်က ခြေစွန်းခေါင်းစွန်းအကဲခတ်လိုက်သည်။
“ကဲ…မင်းလည်း ဒီဆိုင်မှာထိုင်နေတာကြာပြီဆိုတော့..ပျင်းနေမယ်..တို့ညီအကိုတွေ ပြန်ဆုံတုန်း ဒီည တညလုံး လွင့်ကြမယ်ကွာ…လာ..ငါ့ကားနဲ့လိုက်ခဲ့”
“ကျွန်တော့်မှာ ကားပါတယ်..ကိုစိုးမြတ်”
“ဟာ..မင်းကားကို ဧရာတို့မောင်းလာလိမ့်မယ်..ငါကားနဲ့လိုက်ပြီး စကားတွေပြောရအောင်ကွာ”
“မဟုတ်ဘူး..ကိုစိုးမြတ်..ဒါက ကျွန်တော့်ကားမဟုတ်ဘူး..ကျွန်တော်အလုပ်ရှင်ကား..ဒီကားကို ကျွန်တော်က လွဲပြီး တခြားသူစီးရင် ပြဿနာရှိလာနိုင်လို့”
ဗေဒါ စကားကြောင့်..စိုးမြတ်က မျက်မှောင်ကြုံ့လိုက်သည်။
“မင်းအလုပ်ရှင်ကား….ဟုတ်လား…မင်း က အခု ဘာအလုပ်လုပ်နေတာလဲ”
“ကိုစိုးမြတ် ကြားတဲ့သတင်းက မှန်ပါတယ်..ကျွန်တော်စီးပွားပျက်သွားတယ်..အကို..အမွေတွေ လည်းကုန်ပြီ…လူက ညစ်လည်းညစ် နေစရာစားစရာလည်းမရှိတော့. ကျောင်းထဲတုန်းက ခင်ဗျားပေးလိုက်တဲ့ လိပ်စာကို သွားပြီး..စကားဝှက်ပြောလိုက်တာ..အလုပ်တန်းရတာပဲ”
“ဟ….မင်းက အခု သူတို့ဆီမှာလား”
စိုးမြတ်၏ မျက်နှာက အံဩခြင်းတဝက်ဖြင့်။
“အင်းလေ..မင်းပုံစံကို သူတို့သဘောကျတာ မဆန်းပါဘူး..ကဲ..ဒါဆိုလည်း…မင်းကားနဲ့ ငါလိုက်မယ်ကွာ..ဒါတော့ရတယ်မဟုတ်လား”
ဗေဒါက ခေါင်းညိတ်ပြလိုက်၏။
“ကဲ..ဒါဆိုလည်း ဒီညတညလုံး ငါတို့ ကဲကြမယ်.ငါ့နယ်မြေထဲ မင်းလုပ်ချင်တာ အကုန်ရစေမယ်ကွာ..ပထမဆုံး ငါတို့ရဲ့ ဘိုးတော်ကြီးဖြစ်တဲ့ လမ်းမတော်ဖိုးတုတ်ရဲ့ သမိုင်းဝင် တရုတ်တန်းကနေ စမှတ်လုပ်ကြတာပေါ့”
ခက်ဇော်
*** အခန်း ၇ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***