ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးက အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝန်ခံချက်နှင့်အတူ ဖြစ်စဉ်ကို သရုပ်ပြစေခိုင်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။
အသက် ၃၅ နှစ်အရွယ် မနော်ချီအမည်ရှိ မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၈ ရက်တွင် တာခ့်ခရိုင် အုမ်ဖန်းဒေသ နော်လွမ်းရွာ ရာဘာတောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လွယ်အိတ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ထားသည့်ပုံစံဖြင့် သေဆုံးနေခဲ့ပြီး အလောင်းပေါ်တွင် ဒဏ်ရာများ တွေ့ရှိ ခဲ့ရသဖြင့် မှုခင်းဆရာဝန်များကို ခေါ်ယူစစ်ဆေးခဲ့ရာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရခြင်း၊ ရိုက်နှက်ခံထားရခြင်းတို့ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။
မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ရာတွင် ပါဝင်သူတစ်ဦးမှာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားသည်ဟု သတင်းရရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

အသက် ၁၉ နှစ်အရွယ် ကိုစည်သူဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၂၇ရက်က သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ကိုနွေးဆိုသူက သူငယ်ချင်းများဖြင့် အရက် အတူတူသောက်ရန်ခေါ်သဖြင့် ဝိုင်းဖွဲ့သောက်ခဲ့ကြသည်ဟု ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ဖော်ပြသည်။
အသက် ၃၂ နှစ်အရွယ် ကိုနွေးက ၎င်းတို့ ဇနီးမောင်နှံနှင့်အတူ ဆိုင်ကယ်အတူစီးရန် ကိုစည်သူကို ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။
လမ်းတွင် ဇနီးဖြစ်သူ အရက်မူးနေချိန် အဓမ္မပြုကျင့် သတ်ဖြတ်ရန် ခင်ပွန်းဖြစ်သူက ပြောဆိုခဲ့သည်ဟု ကိုစည်သူက ထွက်ဆိုထားကြောင်း သတင်းတွင် ရေးသားထားသည်။
ကိုစည်သူသည် မြန်မာအမျိုးသမီးကို တောထဲ ပွေ့ချီခေါ်ဆောင်သွားခဲ့ကာ ရိုက်နှက်၍ လည်ပင်းညှစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန်တွင် အမျိုးသမီး၏ ခင်ပွန်းသည်က စောင့်ကြည့်နေခဲ့သည်ဟုလည်း ထွက်ဆိုထားကြောင်း ရေးသားထားသည်။
ခင်ပွန်းဖြစ်သူကလည်း မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကာ ထားရစ်ခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ယင်းနောက် ကိုစည်သူမှာ နယ်စပ်ဖက်သို့ ထွက်ပြေးခဲ့သည်ဟု ဖော်ပြသည်။
၎င်း၏ ဝန်ခံထွက်ဆိုချက်အရ သေဆုံးသူ၏ ခင်ပွန်းသည်ကို သူနေထိုင်ရာ အလုပ်သမားတန်းလျားတွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း အုမ်ဖန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ တရားမဝင် နေထိုင်မှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Ref: Matichon Online, CH 8, Nation Online