<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၁)
အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)
အခန်း-၆၂-
(၁) အကျအဆုံး များလွန်းတဲ့ မင်းသမီးစခန်းခွာစစ်
စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါ၊ သူသေကိုယ်သေ နွှဲရတဲ့ပွဲမှာ အတွက်အချက် တကွက်မှားတာနဲ့ ခံသွားရနိုင်ပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်းခွာစစ် လမ်း ၃-သွယ် စီမံကိန်းအရ ဖြန့်ခွဲလိုက်တဲ့ ကျနော်တို့ တပ်တွေဟာ တကွဲတပြားစီ ဖြစ်သွားပြီး နဝတ-တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံလိုက်ရပါတယ်။
ပထမဆုံး ခံလိုက်ရတဲ့ အဖွဲ့ကတော့ စစ်ပွဲမဖြစ်ခင်လေးမှာတင် ပင်လယ်ပြင်ထဲ ဆင်းသွားတဲ့ တပ်ရင်းမှူး ကိုချစ်ကိုကိုတို့ စစ်ကြောင်းကနေ ရှေ့တန်းရွာမှာ ကျန်နေခဲ့တဲ့ တပ်စုမှူး စောပိုလို ဦးဆောင်တဲ့ တပ်စိပ်ဖြစ်ပါတယ်။ စစ်မဖြစ်ခင် တနင်္သာရီမြစ်အတိုင်း စုန်ဆင်းသွားတဲ့ ဒီအဖွဲ့ဟာ ကော့မပြင်း၊ သကျက်ကနေ တပ်ရင်းမှူးနဲ့အဖွဲ့ ပင်လယ်ပြင်ထဲ ဆင်းသွားပေမယ့် စောပိုလိုနဲ့ တပ်စိတ်တစိပ်က တခြားတာဝန်တခုနဲ့ ပပြင်ခွင်မှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးစက်က တပ်ရင်းမှူးနဲ့အတူ ပါသွားတဲ့အတွက် စက်မရှိဖြစ်နေတဲ့ စောပိုလိုဟာ ဆက်သွယ်ရေးစက် ရမယ်ဆိုပြီး ပပြင်ကနေ ကစီထာဘက် တက်လာစဉ် စော်လဝချောင်းဝအနီးရှိ ကျောက်လုံးကြီးရွာမှာ ပစ်သတ်ခံလိုက်ရတယ်လို့ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။ စောပိုလိုဟာ မင်းသမီးခွာစစ်အတွင်း ပထမဆုံး ကျဆုံးသူဖြစ်ပြီး အချိန်ကတော့ ၁၉၉၇ မတ်လ အတွင်းမှာ ဖြစ်ပါတယ်။
ဒုတိယ ကျဆုံးတဲ့အုပ်စုကတော့ တပ်ရင်းမှူး ချစ်ကိုကို ကိုယ်တိုင်ဦးဆောင်တဲ့ ပင်လယ်ပြင် တပ်ခွဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ကျွန်းစုမြို့နယ် ကပ-ကျွန်းမှာဖြစ်ပြီး အချိန်ကတော့ ၁၉၉၇ မေလ အတွင်းမှာဖြစ်ပါတယ်။
တပ်ရင်းမှူး ချစ်ကိုကိုနဲ့အတူ ဒု-တပ်စုမှူး ကိုသန်းကြည်၊ ဆက်သွယ်ရေးမှူး ကိုစစ်နိုင်၊ ပါးမဲ ခေါ် ဘုန်ကြီးသိန်းရွှေ၊ ဘမြင့် ခေါ် ဦးရင်၊ သီဟ၊ စိုးစိုး၊ အာနိုး၊ ရွှေတင်၊ အပါအဝင် ရဲဘော် ၉-ဦး ကျဆုံးသွားခဲ့ပါတယ်။
နဝတ-ရဲ့ထိုးစစ်ဟာ အလွန်ပြင်းထန်ပြီး အင်အားအလွန်အကျွံ သုံးခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို နဝတ-တပ်တွေဟာ ဆင်ဖြူတိုင်နဲ့ ဘန်းချောင်းဘက်ကနေ စစ်ကြောင်း ၂-ကြောင်းတည်း ဆင်းလာတာမျိုး မဟုတ်ပဲ တနင်္သာရီနဲ့ မြိတ်ဘက်ကနေလည်း တနင်္သာရီမြစ်ကြောင်းတလျှောက် စစ်ကြောင်းကြီးတခု တက်လာပြီး KNU တပ်မဟာ-၄ ဒေသကို အပေါ်-အောက် ညှပ်ပြီး အပြတ်ရှင်းတဲ့ သဘောလို့ ယူဆရပါတယ်။
တချိန်တည်းမှာပဲ ကမ်းဦး ရေတိမ်ပိုင်းနဲ့ ပင်လယ်ထဲက ကျွန်းတွေကိုလည်း တပြိုင်တည်း စစ်ဆင်ရေး ဝင်ခဲ့တာ ဖြစ်ပါတယ်။
“ရန်သူအနေနဲ့ တနင်္သာရီတိုင်းတခုလုံးကို တပြိုင်နက်တည်း ပိုက်စိပ်တိုက် ထိုးစစ် မဆင်နိုင်ဘူးလို့ သုံးသပ်ခဲ့တာ မှားသွားတယ်” လို့ စစ်ဒေသ တာဝန်ခံ ကိုဌေးအောင်က ဒီဆောင်းပါးရေးဖို့ မေးမြန်းစဉ်အတွင်း ကျနော့်ကို ပြောပြပါတယ်။
အကျအဆုံး စာရင်းကို ဆက်ပြောရမယ်ဆိုရင် ထောက်လှမ်းရေးအရာရှိ ကိုဇော်သန်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကျွန်းစုမြို့နယ် မိုးမလင်း-ကျွန်းမှာ ပိတ်ဆို့တိုက်ခိုက် ခံလိုက်ရပြန်ပါတယ်။ အချိန်ကတော့ ၁၉၉၇ အောက်တိုဘာလ အတွင်းဖြစ်ပြီး ကိုဇော်သန်းနဲ့အတူ တပ်စုမှူး ကိုလေး၊ ကိုတိတ်၊ ဘငြီး ခေါ် ထွန်းသိန်း၊ အရှည်ကြီး အေးဝင်း၊ ဆေးမှူး အောင်ကျော်မိုးနဲ့ စောလွင်အပါအဝင် ရဲဘော် ၇-ဦး ကျဆုံးသွားပါတယ်။
ပင်လယ်ပြင်ဘက်မှာ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေသလို တနင်္သာရီမြစ်နဲ့ ထိုင်းနယ်စပ်တကျော အကြားမှာလည်း တိုက်ပွဲတွေက ပြင်းထန်ခဲ့ပါတယ်။
ရှေ့မှာ တင်ပြခဲ့တဲ့ ထောမမော-ထောမဖြိုးဒေသရှိ ကိုဌေးအောင်တို့ ရုံးအဖွဲ့ကနေ ထွက်ပြီး နေရာသစ်ရှာဖို့အတွက် တာဝန်ပေးခြင်းခံရသူ ဗလဖ-အဖွဲ့ဝင် ကိုသောင်းထွန်းနဲ့ အင်အား-၃၀ ခန့် စစ်ကြောင်းတခုဟာ တနင်္သာရီမြစ်နဲ့ စော်လ၀ ချောင်းဆုံရာ ကျောက်လုံးကြီးရွာဝန်းကျင်မှာ နဝတ စစ်ကြောင်းရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံခဲ့ရပြန်ပါတယ်။
အဲဒီ တိုက်ပွဲအတွင်း ကိုတင်ထွန်း ဒဏ်ရာနဲ့ လွတ်မြောက်လာပြီး ခွဲအရာခံဗိုလ် ကိုဖိုးချိုကတော့ ဒဏ်ရာနဲ့ အရှင်ဖမ်း ခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ ရိက္ခာကလည်းပြတ်၊ ခဲယမ်းကလည်း ပြတ်၊ မဟာမိတ်နဲ့လည်း အဆင်မပြေ ဖြစ်ခဲ့တဲ့ အတွက် ရှေ့ဆက်သွားဖို့ ဘယ်လိုမှမလွယ်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
ဒီလိုနဲ့ သေနတ်တွေကို မြေကြီးထဲ တွင်းတူးမြှုပ်ထားခဲ့ပြီး ထိုင်းနယ်မြေထဲ အရဲစွန့် ထွက်လာစဉ် ထိုင်းနယ်ခြားစောင့် တပ်ရဲ့ ဖမ်းဆီးခြင်းကို အင်အား ၂၃-ဦးရှိတဲ့ သူတို့တဖွဲ့လုံး ခံလိုက်ရတယ်လို့ ကိုသောင်းထွန်းနဲ့ ကိုရဲမင်းအောင်တို့က ပြောပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုဌေးအောင်နဲ့အတူ ကျန်နေတဲ့ ရုံးအဖွဲ့က ဆေးမှူး ကိုမိုးဇော်အောင်နဲ့ တခြား ရဲဘော်တဦးဟာလည်း ထိုင်းနယ်မြေထဲက ဖုမဝမ် ဒုက္ခသည်စခန်းရောက် ဆရာအောင်မြင့်တို့အဖွဲ့နဲ့ ဆက်သွယ်ဖို့ဆိုပြီး ထွက်လာစဉ် ထိုင်း နယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြန်ပါတယ်။
———-
(၂) နယ်ကျွံလာသော ပဋိပက္ခများ
တနင်္သာရီမြစ်ရိုးတလျှောက်ဖြစ်နေတဲ့ နယ်မြေထိမ်းချုပ်နိုင်ရေး စစ်ပွဲတွေဟာ ပြင်းထန်လာတာနဲ့အမျှ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေဟာလည်း တနင်္သာရီရိုးမကိုကျော်ပြီး နယ်စပ်မျဉ်းတဖက်ခြမ်းက ထိုင်းနယ်မြေထဲအထိ ရောက်လာပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက် သို့မဟုတ် ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖက်မှာ ဆယ်စုနှစ်နဲ့ချီ ဖြစ်နေတဲ့အတွက် သိပ်အထူးအဆန်း မဟုတ်တော့ပေမယ့်လည်း တနင်္သာရီတိုင်းဖက်မှာတော့ အခုမှစတင်ကြုံဖူးတာပါ။
နောက်တခါ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက်မှာ ဒီလိုနယ်ကျွံလာတဲ့ ပဋိပက္ခက ဒုက္ခသည်တွေ အလုံးအရင်းနဲ့ဝင်လာတာ၊ လွန်လှကျွံလှ မဲဆောက်ဝန်းကျင်က နယ်စပ်ကားလမ်းပေါ် DKBA တပ်တွေ ပေါ်တင်တက်လာပြီး ဒုက္ခသည် စခန်းကို မီးရှို့တာမျိုးကလွဲရင် မြို့တော်ဘန်ကောက်အထိ တိုက်ရိုက် ဂယက်ရိုက်ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် တနင်္သာရီတိုင်းကနေ နယ်ကျွံလာတဲ့ ပဋိပက္ခကတော့ ဘန်ကောက်က မြန်မာသံရုံးကို ဝင်စီးတာအထိ၊ ရတ်ချပူရီက ဆေးရုံကို ဝင်စီးတာအထိ ဖြစ်လာတဲ့အတွက် ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်ဖက်မှာဖြစ်နေတဲ့ အခြေနေတွေထက် တနင်္သာရီတိုင်းအခြေနေက ပိုထူးခြားတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။
ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း တနင်္သာရီမြစ်နဲ့ စော်လဝချောင်းဝဆုံရာကျောက်လုံးကြီးတိုက်ပွဲအပြီးမှာ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒီမြစ်ကနေ ရှေ့တိုးပြီး ဟွာဟင်ဒေသက စခန်းသစ်ဆီသွားရေး အစီစဉ်ဟာ ဘယ်လိုမှ မလွယ်တော့တဲ့အတွက် ထိုင်းဖက်ထွက်ဖို့ကြိုးစားစဉ် ၂၃ -ဦးစလုံး အခုလို အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ကိုသောင်းထွန်းက ပြောပါတယ်။
သူတို့ကိုဖမ်းပြီးနောက်နောက် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုနဲ့ ရတ်ချပူရီ အချုပ်ဆီ ပု့ိလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကိုဌေးအောင်တို့ဆီကနေ ထိုင်းဖက် ထွက်လာတဲ့ ဆေးမှူးကိုမိုးအောင်လည်း အလားတူ ဖမ်းဆီးခံလိုက်ရပါတယ်။
ဒါပေမယ့် ကံဆိုးတာကတော့ သေနတ်ကို တောထဲမှာ ဝှက်ထားခဲ့ပေမယ့် သူ့ကျောပိုးအိတ်ထဲမှာ လက်ပစ်ဗုံး အသေးစားတလုံးပါလာတဲ့အတွက် ကိုမိုးဇော်အောင်ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၃-လအပြင် ထိုင်းနယ်မြေထဲ လက်နက်ကိုင်ဆောင်မှုနဲ့ ရတ်ချပူရီထောင်မှာ ထောင် ၂- နှစ်ခွဲ အချခံလိုက်ရပါတယ်။
အခုချိန်မှာ ဒီဖြစ်စဉ်တစုံလုံးကို အသေးစိတ်နီးပါး သိနေပြီဖြစ်ပေမယ့် အဲဒီအချိန်ကတော့ ဘယ်သူတွေ ဘယ်လိုအဖမ်းခံရမှန်း ချက်ချင်းသိခွင့်မရပါဘူး။ ကျနော့်အထင် သူတို့ အားလုံး အဖမ်းခံရပြီး အနည်းဆုံး ၁၀-ရက်လောက်ကြာပြီးမှ ဒီသတင်းကို ကျနော်သိခွင့်ရတာပါ။
ကျနော်တို့ရဲဘော်တွေဟာ တောထဲမှာတုန်းက ဆက်သွယ်ရေးစက်ကို ကောင်းကောင်းသုံးတတ်ပြီး တနေ့ ၃-ကြိမ်လောက် ဗဟိုနဲ့ ပုံမှန်ဆက်သွယ်မှု လုပ်နိုင်ကြပေမယ့် ထိုင်းနယ်မြေထဲ ရောက်တဲ့အခါမှာတော့ တယ်လီဖုန်းရုံ ဘယ်နားရှိမှန်းမသိ၊ ဘယ်လိုသုံးရမှန်းမသိ။ ဗဟိုရုံးဖုန်းနံပါတ်လည်း သူတို့မသိကြပါဘူး။
ဒီလိုနဲ့ အဆက်သွယ် လုံးဝပြတ်သွားခဲ့ပါတယ်။ နောက်တခါ ရတ်ချပူရီအချုပ်ထဲ ရောက်တဲ့အခါမှာလည်း ပြင်ပကို ဆက်သွယ်ခွင့်မရဘူးလို့ သိရပါတယ်။ အကင်းပါးတဲ့ ကိုရဲမင်းအောင်က ဗိုက်နာတယ်ဆိုပြီး ရတ်ချပူရီဆေးရုံပေါ် တက်ခွင့်ရအောင်လုပ်ပြီးမှ ကျနော်တို့ရှိနေတဲ့ ဘန်ကောက်ရုံးဆီ တဆင့်ခံလူနဲ့ အဆက်သွယ်စရခဲ့တာ ဖြစ်ပါတယ်။
သတင်းရတာနဲ့ ချက်ချင်း ကိုအိုက်စံ (အခု အမေရိကန်) ကို ခေါ်ပြီး ရတ်ချပူရီရဲစခန်းဆီသွားဖို့ ကြိုးစားရပါတယ်။ တပ်ရင်း-၁ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအိုက်စံဟာ ထိုင်းစကား ကျွမ်းကျင်သူဖြစ်ပြီး ထိုင်းထောက်လှမ်းရေးတွေအတွက် ဘာသာပြန်ဖို့ ဗဟိုနိုင်ငံခြားရေးဌာနမှာ တာဝန်ပေးခံထားရသူ ဖြစ်ပါတယ်။
ရတ်ချပူရီနယ်မြေခံ ထောက်လှမ်းရေးတဦးနဲ့အတူ ရတ်ချပူရီအချုပ်ဆီ ကျနော်တို့ ရောက်သွားတော့ ကိုသောင်းထွန်းနဲ့ ၂၃- ဦးစလုံး အချုပ်ခန်းထဲမှာ။ အခန်းအကျယ်က ၁၂ ပေ ပတ်လည်လောက်သာရှိပေမယ့် အဲဒီထဲမှာ သူတို့ ၂၃- ဦးအပြင် နောက်ထပ် တခြားလူက ၂၀- ကျော်လောက်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အားလုံး အင်္ကျီကျွတ်တွေနဲ့။ အိပ်စရာမပြောနဲ့ ထိုင်စရာတောင် နေရာမရှိလို့ တချို့ရပ်၊ တချို့ထိုင်၊ တချို့အိပ် အလှည်ကျလုပ်ရတာကို တွေ့ရပါတယ်။
အချုပ်ထဲကလူတွေကို ခပ်ကြမ်းကြမ်း ဆက်ဆံနေတဲ့ ထိုင်းရဲတွေဟာ ကျနော်တို့နဲ့အတူပါလာတဲ့ ဒေသခံ ထောက်လှမ်းရေး အရာရှိကိုတော့ နည်းနည်းရှိန်ပုံရပါတယ်။ ကျနော်နဲ့ ကိုအိုက်စံကို လေးလေးစားစားဆက်ဆံပြီး ကိုသောင်းထွန်းတို့အတွက် ထမင်းကြော်၊ သောက်ရေနဲ့ နောက်ထပ် တလစာအတွက် ထမင်းနဲ့ အထွေထွေသုံးနိုင်ဖို့ ပိုက်ဆံတချို့ ပေးထားခဲ့တာကို အဆင်ပြေစွာ လုပ်ပေးခဲ့ပါတယ်။
အဲဒီအချုပ်ကနေ ထွက်လာတဲ့အချိန်အထိ ကိုမိုးဇော်ကို ဖမ်းထားမှန်း၊ ထောင်ချထားမှန်း ကျနော်မသိသေးပါ။ ဒုတိယအခေါက်သွားတော့မှ ကိုမိုးဇော်အောင် ထောင် ၂ -နှစ်ခွဲချခံထားရတဲ့ ရတ်ချပူရီထောင်ဆီသွားပြီး ထောင်ဝင်စာသွားတွေ့ရပါတယ်။
———-
(၃) God Army ထက် အရင်စောပြီး ကမာပုလောစခန်းဆီ ရောက်သူများ
ကိုသောင်းထွန်းတို့အဖွဲ့နဲ့ ကိုမိုးဇော်အောင်တို့ အဖမ်းခံထားရတဲ့အချိန်အထိ စစ်ဒေသတာဝန်ခံ ကိုဌေးအောင်နဲ့ ကိုဆလိုင်းယောအောင်တို့ စစ်ကြောင်းက KNU တပ်မဟာ-၄ ရုံးအဖွဲ့နဲ့အတူ ရှေ့တန်းမှာ ဆက်လက်ချီတက်နေဆဲဖြစ်ပါတယ်။ ရတ်ချပူရီအချုပ်၊ ထောင်၊ နယ်စပ်က ဘန်းပုံရွာနဲ့ ဘန်ကောက်ရုံးအကြား သွားလိုက်-လာလိုက်ဖြစ်နေတဲ့ ကျနော်ဟာလည်း ထောက်လှမ်းရေးတွေနဲ့ အတော်ရင်းနှီးလာပြီး ဘန်းပုံရွာသူကြီးအိမ် အပေါ်ထပ်က ထောက်လှမ်းရေးအဖွဲ့ ယာယီရုံးခန်းဟာ ကျနော့်ရုံးခန်းလို ဖြစ်လာခဲ့ပါတယ်။
တနေ့မှာတော့ ကိုဌေးအောင်ဆီက ကြေးနန်းတစောင် ဘန်ကောက်ရုံးကတဆင့် ကျနော်ဆီရောက်လာပြီး ကမာပုလောဒေသမှာ သူ့ကိုဝင်လာတွေ့ဖို့ ညွှန်ကြားချက် ပါလာပါတယ်။
ဒီလိုနဲ့ ရတ်ချပူရီအခြေစိုက် နောက်ထပ် ထိုင်းထောက်လှမ်းရေးအသစ်တဦးကို အကူညီတောင်း၊ သူကြီးအိမ်က တောစီးဆိုင်ကယ် အကောင်းစားတစီးကို ချောဆွဲပြီး ကမာပုလောကို ကျနော်ဝင်လာပါတယ်။
တကယ်က အဲဒီအချိန်အထိ ကမာပုလောစခန်း ဘယ်မှာရှိမှန်း၊ ဘယ်လိုသွားရမယ်မှန်း ကျနော် မသိပါဘူး။ ထိုင်းထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ဘန်ပုံရွာကနေ တဂိုလမ်းဖက် မောင်းလာတော့ အထူးရဲစစ်ဆေးရေး ဂိတ်ရှိတဲ့ လမ်းဆုံကနေ တဂိုလမ်းဖက်မသွားပဲ အခြားတဖက်ထဲကို ဝင်သွားပါတယ်။ အဲဒီမှာ စာသင်ကျောင်းတခုကို တွေ့ရပြီး နောက်ထပ် ရဲဂိတ်တခုကို ထပ်ဖြတ်ရပြန်ပါတယ်။
ပြီးတော့မှ ရွာတရွာကို တွေ့ရပြီး အဲဒီရွာဟာ ဖက်ပုတ်ရွာဖြစ်ပါတယ်။ တဂိုလမ်းရွာနဲ့ ခပ်ဆင်ဆင်တူပေမယ့် အတော်ချောင်ကျတဲ့ ရွာဖြစ်ပါတယ်။ ချောင်ကျလှတဲ့ အဲဒီဖက်ပုတ်ရွာကနေ တောင်ပေါ်ကားလမ်းကြမ်းအတိုင်း တနာရီလောက် ဆက်တက်လာတော့ အင်အား ၂၀-ဝန်းကျင်ရှိ နယ်ခြားစောင့်တပ်စခန်းတခုကို တွေ့ရပါတယ်။
ဒီစခန်းက အတော်သားနားပြီး တဂိုလမ်းနယ်စပ်က စခန်းနဲ့ မတူပါ။ ဘားတိုက်နဲ့ အဆောက်ဦတွေကို ဘန်ဂလိုဆန်ဆန် ဆောက်ထားပြီး လျှပ်စစ်မီးတွေ၊ ရေပေးစနစ်တွေ အသေချာလုပ်ထားတာ တွေ့ရပါတယ်။
အဲဒီဂိတ်က တောချတောအရာရှိနဲ့ ကျနော်တို့ ခဏထိုင် စကားပြောပြီးတဲ့နောက် “ဟိုး…မှာ မြင်နေရတာ မြန်မာဖက်ခြမ်းက ကမာပုလောနေရာပဲ။ မင်းတယောက်တည်း ဝင်သွား၊ ငါ ဒီကပဲ စောင့်နေမယ်” ဆိုပြီး ထောက်လှမ်းရေးက ပြောပါတယ်။
ဒီထောက်လှမ်းရေးက အမျိုးသားလခြုံရေးဌာနကဖြစ်ပြီး အရင်ကျနော်နဲ့ သွားနေကြ တပ်မ-၉ က စစ်ထောက်လှမ်းရေး လူငယ် ၂-ဦးလိုမဟုတ်။ မြန်မာနယ်ထဲ သူဝင်ချင်ပုံမရ။ ကရင်စကား မတတ်တာကြောင့်လည်း ဖြစ်မယ်လို့ ထင်ပါတယ်။
တကယ်ဆိုရင် ကျနော်က အဲဒီလိုထင်မထား။ အရင် ထောက်လှမ်းရေးတွေလိုပဲ ကျနော်နဲ့အတူ ကရင်နယ်ထဲအထိ သူလည်းလိုက်မယ်လို့ပဲ တွက်ထားတာပါ။ ဒါပေမယ့် ဘာမှမတတ်နိုင်။ တယောက်တည်း မသွားရဲဘူးဆိုရင်လည်း သူရဲဘောကြောင်ရာ ကျမှာစိုးတာနဲ့ ဆင်ကန်းတောတိုးဆန်ဆန် ဒီတိုင်းပဲ တောချတော စခန်းကနေ မြန်မာနယ်ဖက် ဆင်းလာခဲ့ပါတယ်။
နယ်စပ်မျဉ်း ဘယ်နားရှိမှန်းတောင် ကောင်းကောင်း မတွေ့လိုက်ရပါဘူး။ မိနစ်၂၀- လောက် လျှောက်ပြီးတာနဲ့ တောင်ယာတဲတလုံး တွေ့ပါတယ်။ ကရင်လို မတတ်တခေါက်နဲ့ “အမိုး ကော်သူးလေတပ်တွေ ဘယ်နားရှိလဲ” ဆိုပြီး မေးလိုက်ပါ တယ်။ အသက်ခပ်ကြီးကြီး အဖွားအိုက သူ့ဘေးကလူတွေကို ကြည့်ပြီး ကရင်လိုနဲ့ ကျနော်ကို တခုခုပြန်ပြောပါတယ်။
ကျနော်က ဘာမှနားမလည်ပါဘူး။ နောက်ဆုံးမှာတော့ ”ဟိုး .. တောချတော တောင်ထိပ် ထိုင်းစစ်သားက လွှတ်လိုက်တဲ့လူပါ။ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့” ဆိုပြီး ထားဝယ်စကားကို ပုလောလေသံနဲ့ ရှင်းပြလိုက်မှ အဆင်ပြေသွားပါတယ်။
“အဲဒီလမ်းအတိုင်း ဆက်လျှောက်သွားပါ။ ရှေ့မှာ သူတို့ရှိပါလိမ့်မယ်” လို့ ကျနော့်ပုံကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အမိုးဘေးက အမျိုးသမီးတဦးက ပြောပါတယ်။ ထိုင်းလိုမတတ်ပဲ ထိုင်းတဦးလို ပုံဖမ်းပြီး နယ်စပ်တကျော ဒိုးနေတဲ့ကျနော်ပုံက ဘယ်လိုမှ ဒေသခံ ထိုင်း-ကရင်တဦးနဲ့မတူ။
လည်ပင်းမှာ ကင်မရာ။ အသံဖမ်းစက်နဲ့ ရေဒီယိုပါတဲ့ အိတ်အသေးစား တလုံးကို စလွယ်သိုင်း၊ ဖုန်ဘိုင်းဖုန်းတလုံးက ခါးထိုးထားတာဆိုတော့ နွားပွဲစားလိုလို၊ သစ်မှောင်ခိုသမားလိုလို ဘေးလူတွေက ထင်ကောင်း ထင်နေနိုင်ပါတယ်။
အဲဒီတောင်ယာတဲကနေ တောင်ယာဟောင်းတခုကို ကျော်၊ ဝါးတောတခုကိုဖြတ်ပြီး သစ်ပင်ကြီးတွေအောက် ရောက်တာနဲ့ သစ်ခက်မိုး ယာယီတဲတလုံးကို လှမ်းမြင်လိုက်ရပါတယ်။ ပြီးတော့ ကင်းစောင့်နေပုံရတဲ့ ကရင်စစ်သားတဦးက ကျနော်ကို မြင်သွားပြီး ကရင်လိုနဲ့ လှမ်းမေးပါတယ်။
ကျနော်လဲ ”ကျိုးဖိုး” ထက်ပိုပြီး ဘာမှမပြောတတ်။ ဒါပေမယ့် ကြည့်ရတာ ကျနော်လာမယ်ဆိုတာကို ကိုဌေးအောင်က သူတို့လုံခြုံရေးအဖွဲ့ဆီ ပြောထားပြီးဖြစ်ပုံရပါတယ်။ လဲနေတဲ့သစ်ပင်ကြီးနောက်က သစ်ရွက်မိုး တဲတလုံးထဲ ဝင်လိုက်တော့ ပဒိုနီးနီတို့ရုံးအဖွဲ့နဲ့ တွေ့ရပြန်ပါတယ်။
“ရှေ့ကတောင်ကုန်းကို ကျော်သွားလိုက်ပါ။ အဲဒီမှာ ခင်ဗျားလူတွေ ရှိလိမ့်မယ်” ဆိုပြီး ပဒိုနီးနီက လမ်းညွှန်လိုက်ပါတယ်။ ရှေ့ဆက်လျှောက်မယ်ပြင်တော့ လူသွားလမ်းက ရှင်းရှင်းလင်းလင်း မရှိ။ “မိုင်း နင်းမိရင် ဒုက္ခ” ဆိုပြီးစိတ်ထဲ ထိတ်မိပါသေးတယ်။
ဒါပေမယ့် ကရင်ရဲဘော်တွေရှေ့မှာ အဲဒီလိုကြောက်စိတ် မပြမိအောင် ထိန်းထားရပါတယ်။ တောင်ကုန်းလေးကို ကျော်လိုက်တော့ တွေ့ပါပြီ။ ကိုဌေးအောင်တို့ စစ်ကြောင်းရဲ့ ငှက်ပျောရွက်မိုး တဲနန်း။
ရဲဘော် ၁၀-ဦးခန့်နဲ့ တပ်ရင်း-၇ မှူး ဆလိုင်းယောအောင်၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုအောင်သန်းတို့ကို တွေ့ရပေမယ့် ကျန်တဲ့ရဲဘော်တွေက တခြားနေရာဆီ ရောက်နေပုံရပါတယ်။ ကိုဌေးအောင်က ခဏနေဦး၊ အဝတ်လဲဦးမယ်လို့ပြောပြီး ယူနီးဖေါင်းကို ချွတ်၊ အရပ်ဝတ်ကို စွပ်ပြီး ကျနော်နဲ့အတူ ပြန်လိုက်လာပါတယ်။
အဲဒါဟာ ကျနော် ပထမဆုံးရောက်ဖူးတဲ့ ကမာပုလောစခန်းပါပဲ။ အဲဒီအချိန်ဟာ ၁၉၉၇ မေလ ၈-ရက်နေ့ဖြစ်ပါတယ်။ ကျနော်ရောက်တဲ့အချိန်အထိ ကမာပုလောမှာ တောင်ယာတဲ တလုံးနှစ်လုံးကလွဲပြီး ဘာမှမရှိသေးပေမယ့် နောက်ပိုင်း ၁၉၉၈ / ၉၉ မှာတော့ ဒီကမာပုလောစခန်းဟာ ကမ္ဘာကျော်တဲ့ God Army ဌာနချုပ် ဖြစ်လာခဲ့ပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၃) >>>>>
ထက်အောင်ကျော်