BREAKING
December 4, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

December 3, 2024

ပုံစာ - ‌ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ (ပုံဟောင်း) ဓာတ်ပုံ - တော်လှန်ရေးတပ်ဖွဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၄၃ တပ်ရင်းက တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

Dawei Watch အနေဖြင့်မူ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“စစ်တပ်တွေ စီးလာတဲ့ကားကို ဒီဘက် (တော်လှန်ရေးအဖွဲ့) က စောင့်ပြီးပစ်တာ။ စစ်တပ်ဘက်က ထိသွားတာရှိတယ်လို့ ပြောနေကြတယ်” ဟု စုံနံ့သာကျေးရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၈၇၊ ၃၄၃ နှင့် ၅၈၇ တပ်ရင်းတို့က စုံနံ့သာကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်း စုံနံ့သာကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီယာဉ်တန်း၊ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် လမ်းသွားလမ်းလာ အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။