BREAKING
December 4, 2024

လောင်းလုံးတွင် ဘုန်းကြီးကျောင်းခေါင်မိုးပြင်စဉ် လက်သမားဆရာပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရ

December 3, 2024

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့- ထားဝယ်

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ဘုန်းကြီးကျောင်း ခေါင်မိုး ပြုပြင်စဉ် လက်သမားဆရာဖြစ်သူ ပြုတ်ကျပြီး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂ ရက် ညနေ ၄နာရီခွဲတွင် ကမြောကြီးကျေးရွာရှိ ကမြောကျောင်းသစ် ဆွမ်းစားဆောင် ခေါင်မိုးပြုပြင်နေချိန် လက်သမားဆရာ ခြေချော်ပြီး ခေါင်မိုးပေါ်က ပြုတ်ကျခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကျောင်းက နှစ်ထပ်၊ အပေါ်က ကျလာတာ။ ဖြစ်တာနဲ့ သတိမေ့နေတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ပြောသည်။

လက်သမားဆရာမှာ လောင်းလုံးမြို့နယ် အင်းဝန်းရွာသား အသက် ၄၀ ကျော် အရွယ် ဦးထွန်းဝေ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးထွန်းဝေကို ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ရှေးဦးပြုစုကုသပေးပြီး ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ဇမ္ဗူသီရိအဖွဲ့အနေဖြင့် ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း ဆေးရုံတက်လူနာ ၄၅ဦး၊ မတော်တဆဖြစ်ရာမှ ဒဏ်ရာရရှိသူ ၃၅ဦးတို့ကို ကူညီပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသည့် ရုပ်အလောင်း ရှစ် လောင်းတို့အား ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။