ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော အရပ်သားခြောက်ဦးအနက် တစ်ဦး အသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၈ရက်တွင် ဇရပ်ဆိပ်ရွာသား ကိုငွေလှ၊ ကိုမြင့်ဖေ၊ ကိုဝတုတ်တို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ထို့နောက် နှစ်ရက်ခန့်အကြာတွင် ကိုချစ်ပုနှင့် အခြားအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၆ရက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်ချိန်တွင် ကိုစိုးကြီးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် နိုဝင်ဘာလ ၂၃ရက်တွင် ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းအနီး၌ တွေ့ရှိခဲ့သည့်အလောင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုဝတုတ်ဖြစ်ကြောင်း ဇရပ်ဆိပ်ရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။
“ပုဆိုးနဲ့ လူပုံသဏ္ဍာန်ကိုကြည့်ပြီး သူ့မိသားစုက ဟုတ်တယ်လို့ ပြောလိုက်တာပါ။ ဒီပုဆိုးက အဖမ်းခံရတဲ့နေ့က ဝတ်ထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းကို ဇရပ်ဆိပ်ရွာ အနောက်ပိုင်းရှိဘုန်းကြီးကျောင်းအနီးတွင် မြေမြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထို့အပြင် အသက်၅၀အရွယ် ကိုငွေလှနှင့် ကိုမြင့်ဖေ၊ အသက် ၃၅နှစ်အရွယ် ကိုစိုးကြီးတို့ကိုမူ ပုလောမြို့အနီးရှိ စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းသို့ ပို့ဆောင်လိုက်ပြီဟု ကြားသိရကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများအနက် အသက် ၂၀ကျော်အရွယ် ကိုချစ်ပုနှင့် ကျန်အမျိုးသားတစ်ဦးတို့မှာ လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ဖမ်းသွားတဲ့နေ့ကတည်းက သတင်းမရတော့တာပါ။ မိသားစုတွေနဲ့လည်း ကျွန်တော်တို့ အဆက်အသွယ် မရဘူး” ဟု အထက်ပါဒေသခံက ပြောသည်။
စစ်ကောင်စီတပ်က အောက်တိုဘာလလယ်ပိုင်းမှစတင်ကာ ပုလောမြို့နယ်အတွင်း မြိတ်-ထားဝယ်ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ကျောက်ကမ်းဖဲ ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသလို အဆိုပါဒေသအတွင်း စစ်ကြောင်းထိုးသွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။