ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ဖောင်းတောကျေးရွာအုပ်စုနှင့် သဘွတ်ချောင်းကျေးရွာအုပ်စုများတွင် ယခုနှစ်မိုးရာသီက စပါးပိုးကျရောက်ခဲ့မှုကြောင့် ရိတ်သိမ်းကာလတွင် အထွက်နည်းနေကြောင်း ဒေသခံလယ်သမားများထံကသိရသည် ။
ယခုနှစ် စပါးစိုက်ပျိုးပြီးချိန် ဇူလိုင်လခန့်ကစ၍ စပါးပိုးစကျခဲ့ပြီး ပိုးစကျခဲ့သည် လယ်ကွက်များ ပျက်စီးသွားပြီး စပါးခင်းအချို့ မရိတ်သိမ်းရဘဲ စွန့်ပစ်လိုက်ရကြောင်း ၎င်းတို့ကဆိုသည်။
သဘွတ်ချောင်းကျေးရွာအုပ်စုတွင်ရှိသည့် လယ်ကွက်များ၏ လေးပုံတစ်ပုံခန့် စပါးပိုးကျ၍ စွန့်ပစ်လိုက်ရသည်ဟု ယင်းအုပ်စုက လယ်သမားတစ်ဦးကပြောသည် ။
ဖောင်းတောကျေးရွာအုပ်စုတွင် ဓမင်းဆိပ်နှင့် ပိုက်တဲလေး ကျေးရွာနှစ်ခုမှအပ ကျန်ရွာ ၄ ရွာရှိ လယ်ကွင်းအများစု စပါးပိုးထိခဲ့သည်ဟု ဖောင်းတောအုပ်စုမှ လယ်သမားများထံကသိရသည်။
ယခုနှစ် ကံပေါက်တိုက်နယ်ရှိ ကျေးရွာအချို့တွင် ကျရောက်ခဲ့သည့် စပါးပိုးမှာ “ဖြုတ်ညိုပိုး” ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင် နှင့်တိုင်ပင်၍ ပိုးမကျအောင် ကာကွယ်နိုင်ခဲ့သည့် ကောင်းမှုရွာက လယ်သမားတစ်ဦးက ပြောပြသည် ။
ဖြုတ်ညို ပိုးကျလျှင် စပါးပင်ဝါ၍ခြောက်သွေ့သွားသည့် လက္ခဏာရှိပြီး စပါးပိုးကျချိန်နှင့် ရွက်ကျချိန်တူညီနေသဖြင့် ပိုးကျသည်ကို လယ်အများစုက သတိမထားမိခြင်းကြောင့် ပျက်စီးသွားသည့် လယ်ပမာဏများသွားရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
” ပိုးထိပြီးတဲ့လယ်က စပါးပင်တွေခြောက်သွားပြီး ဘာမှမကျန်တော့ဘူး ။ ပိုးထိပြီး ပြန်လွတ်တဲ့လယ်ကလည်း စပါးမကောင်းတော့ဘူး။ မထိခင် ကြိုကာကွယ်လိုက်နိုင်တဲ့ လယ်ကွက်ကပဲ ရိတ်သိမ်းချိန်အထိ ကောင်းကောင်းရိတ်လို့ရတယ်” ဟု ပိုးကျသည့်အခြေအနေကို ၎င်းကပြောသည်။
ယင်းအပြင် ဇာဒီကျေးရွာအုပ်စုတွင် ယခုနှစ်ဇွန်လက စစ်ကောင်စီစစ်ကြောင်းထိုးသဖြင့် လယ်လုပ်သူနည်း၍ စပါးအထွက်နည်းသည်ဟု ဇာဒီရွာက လယ်သမားတစ်ဦးကဆိုသည်။
ဇာဒီကျေးရွာအုပ်စုသည် စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ကန့်သတ်ခံထားရသည့် ဒေသတစ်ခုလည်းဖြစ်သည် ။
ကံပေါက်တိုက်နယ် တွင် လယ်စိုက်ပျိုးသည့် ကျေးရွာအနည်းငယ်သာရှိပြီး ထွက်လာသည့် စပါးများသည် ဒေသတွင်းစားသုံးရန်သာ လုံလောက်ကြောင်း အခြားဒေသများသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း လယ်သမားများကပြောသည် ။
ကံပေါက်တိုက်နယ်တွင် ယခင်နှစ်က သိုလှောင်ထားသည့် စပါးအဟောင်းဝယ်စျေး ကျပ်သုံးသောင်းရှိနေပြီး ယခုနှစ်စပါးမှာမူ ရိတ်သိမ်းနေဆဲဖြစ်သဖြင့် ဝယ်စျေးသတ်မှတ်ခြင်းမရှိသေးကြောင်း စပါးအဟောင်းရောင်းသည့် လယ်သမားများထံကသိရသည်။