BREAKING
January 13, 2025

ထားဝယ်-ထီးခီးလမ်းပိုင်း ညပိုင်းမသွားလာကြရန် ကော်သူးလေ ထုတ်ပြန်

December 3, 2023

ပုံစာ - ထားဝယ်- ထီးခီးလမ်းပိုင်းတစ်နေရာ(ပုံဟောင်း)

ထားဝယ်-ထီးခီးလမ်းပိုင်းကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း အသုံးပြုသွားခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော်က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် သတိချက် ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းကို ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ညပိုင်း မသွားလာ​ကြရန် ထုတ်ပြန်ထားသည်။

သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ညပိုင်းမသွားလာရန် တားမြစ်သည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

သတ်မှတ်ထားသည့် အချိန်အတွင်း ဖြတ်သန်းသွားလာသည့် မသင်္ကာဖွယ်အားလုံးကို ပစ်ခတ်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်မှတ်ထားသည့် ရက်အတွင်း ညပိုင်းဖြတ်သန်းသွားလာစဉ် စစ်ကောင်စီနှင့် ပက်သက်မှုတစ်စုံတစ်ရာရှိသည်ကိုတွေ့ရှိခြင်း၊  ကော်သူးလေအာမီ၏ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိခြင်းတို့ကိုတွေ့ရှိပါက ထိခိုက်မှုအတွက် တစ်စုံတစ်ရာတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၃ ရက်က ကျောက်မဲတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ ကော်သူးလေတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ထားဝယ်အရှေ့တောမှ မေတ္တာဘက်သို့ စစ်ကြောင်းထိုးသွားလာနေပြီး ယနေ့နံနက် ၇ နာရီခန့်တွင် ရွှေချောင်းရွာဘက်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံအချို့က ပြောသည်။

“နှစ်ဖက်ပစ်ခတ်တာလား၊ (စကစတပ်တွေ)သူတို့ဘာသူတို့ ပစ်ပြီးပြန်လာတာလားတော့ သေသေချာချာမသိဘူး။ အခုတော့ မေတ္တာကနေပြန်လာတာ ကျောက်မဲတောင်စခန်းကိုပြန်ရောက်နေကြပြီ” ဟု ဝကုန်းကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းလမ်းပိုင်းအသုံးပြုမှုကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးပြုသွားလာတာမလုပ်ရန် ကော်သူးလေတပ်မတော်က ယခင်ကတည်းက အသိပေးထားကြောင်း ဒေသခံအချို့က ပြောသည်။

“ဒေသခံအများစုကလည်း ည ၆ နာရီဆိုသွားလာတာသိပ်မရှိဘူး၊ ရော်ဘာခြစ်သမားတွေနဲ့ ဈေးကားတွေတော့ မနက် ၅ နာရီထိုးလောက်သွားလာတာရှိတယ်” ဟု ဝကုန်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မေတ္တာ-ထားဝယ်ကားဆွဲနေသူတစ်ဦး၏ ဇနီးဖြစ်သူကမူ နံနက် ၆ နာရီထိုးမှသာ ထားဝယ်ကို ကားတက်လေ့ရှိသဖြင့် ယခုထုတ်ပြန်ချက်ကြောင့် ကားဆွဲမှုအတွက် အခက်အခဲမရှိဟု ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလကစပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကော်သူးလေတပ်မတော်က ထားဝယ်-ထီးခီးလမ်းပိုင်းအသုံးပြုသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်ကန့်သတ်ထားသည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။