ထားဝယ်ခရိုင်တွင် စုပေါင်း လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန် စတင်ကြိုးပမ်းနေသည်ဟု နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက်ထံက သိရသည်။
စုပေါင်းလယ်ယာစနစ်ဆိုသည်မှာ ရေ၊ မြေ၊ လယ်နှင့် ကိုက်ညီသည့် မျိုးစပါးကို တစ်ကွင်းတစ်ဆက်တည်းမှ တောင်သူများက သဘောတူညီတစ်ခုဖြင့် စိုက်ပျိုးကြသည့် နည်းစနစ်ဖြစ်သည်။
ယင်းသို့ စိုက်ပျိုးရန်အတွက် မြေ အချဉ်ဓာတ်၊ အငန်ဓာတ် တိုင်းတာစစ် ဆေးခြင်းနှင့် မြေပြင်ခြင်းများကိုလည်း ကုမ္ပဏီဘက်မှ ပြုလုပ်ပေးမည်ဖြစ်ပြီး ရေ၊ မြေ၊ လေ၊ ရာသီဥတုနှင့် ကိုက်ညီ သည့် မျိုးစပါးနှင့် သွင်းအားစုများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် ကုမ္ပဏီပိုင်ရှင် ဦးနိုင်လွင်လတ်က ပြောသည်။
“ရိတ်သိမ်းချိန်အထိ အားလုံးကို ကျွန်တော်တို့ တာဝန်နဲ့ ကျွန်တော်သွားမယ်။ လယ်သမားက စိုက်ဖို့ပဲလိုတယ်။ စပါးအောင်မြင်ဖို့ပဲ လိုတယ်။ အားလုံးကို ကျွန်တော်တို့ လုပ်ပေးမယ်” ဟု ဦးနိုင် လွင်လတ်က ဆိုသည်။
တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးရာတွင် လယ်ယာမြေနှင့် ကိုက်ညီပြီး တောင်သူများ စိုက်ပျိုးလိုသည့် သက်ငယ်၊ သက်လတ်၊ သက်ကြီး စသည့် မျိုးစပါးကို တောင်သူများ၏ သဘောဆန္ဒအတိုင်း စိုက်ပျိုးလိုသည့် မျိုးစပါးနှင့် သွင်းအားစုကို ကုမ္ပဏီက ရှာပေးမည်ဖြစ်သည်။
ယင်းမှ ထွက်ရှိလာသည့် စပါးကိုလည်း တောင်သူများနှင့် ညှိနှိုင်းကာ သဘောတူညီသည့် ဈေးနှုန်းတစ်ခု သတ်မှတ်၍ ထွက်ရှိသမျှ စပါးကို ကုမ္ပဏီက ဝယ်ယူမည်ဖြစ်သည်။
စုပေါင်းလယ်ယာစနစ်ဖြင့် တစ်ကွင်းတဆက်တည်း စိုက်ပျိုးပါက အရည်အသွေးကောင်းသည့် စပါးရလာမည်ဖြစ်ပြီး ဈေးကွက်တွင်လည်း ဈေးကောင်းရလာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ယင်းသို့ စိုက်ပျိုးထုတ်လုပ်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီက ညှိနှိုင်း ဆွေးနွေးထားပြီးဖြစ်သည်ဟု ဦးနိုင်လွင် လတ်က ပြောသည်။
ပြီးခဲ့သည့်နှစ်က စုပေါင်းလယ်ယာစနစ်ကို ထားဝယ်မြို့နယ် ဇဟာရွာနှင့် လောင်းလုံးမြို့နယ်များတွင် ဆင်းသုခမျိုး စပါးဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်သဖြင့် ယခု လာမည့်နှစ်အတွက် ဆက်လက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။
စုပေါင်းလယ်ယာစနစ်ကို တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ပြီးခဲ့သည့်နှစ်တည်းက ဖော်ဆောင်နေပြီး ထားဝယ်ခရိုင်တွင်လည်း လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ယင်းလုပ်ငန်းလုပ်ကိုင်မည့် မဟာ ထားဝယ်ကုမ္ပဏီမှာ မိုးဦးကျ စပါးစိုက် ပျိုးခါနီးအချိန်ထိ အကျိုးတူပူးပေါင်းလုပ် ကိုင်မည့် စာချုပ်စာတမ်းချုပ်ဆိုရန် ရောက်ရှိမလာသဖြင့် လုပ်ငန်းမအောင် မြင်ခဲ့ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။