BREAKING
January 10, 2025

အဓမ္မတပ်သားစုဆောင်းခံရသူတစ်ဦး စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်ထံ ခိုလှုံ

November 3, 2024

တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး မိခင်တပ်ရင်းမှ ထွက်ပြေးပြီး သုံးရက်အကြာတွင် တနင်္သာရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖဇုန်-၃ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တပ်ဖွဲ့တာဝန်ခံထံမှ သိရသည်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ ၅၅၇ တပ်ရင်းက တပ်သားအဆင့်ဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်ရင်းက စစ်ကောင်စီတပ်သားများ ရှေ့တန်းကပြန်ချိန် တနင်္သာရီမြို့နယ်တွင်းရှိ ဘိုးဘွားရိပ်သာကုန်းတွင် စခန်းချနေစဉ် ထွက်ပြေးလာခြင်းဖြစ်ကြောင်း တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

ယင်းတပ်သားသည် အောက်တိုဘာ ၂၇ရက်နေ့တွင် ထွက်ပြေးလာခြင်းဖြစ်ပြီး ၃၀ရက် မွန်းလွဲ ၂ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ထံ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရှေ့တန်းမှာ သူနဲ့တွဲဖက်တစ်ယောက်က ဘက်ပြောင်းခိုလှုံလိုက်တော့ သူ့အထက်က သူ့ကို သံသယတွေနဲ့ နှိပ်ကွပ်တာ၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး အမြဲခြိမ်းခြောက်တာတွေကြောင့် ထွက်ပြေးလာတာလို့ပြောတယ်။ လက်နက်တွေတော့မပါလာဘူးပေါ့” ဟု အထက်ပါ တနင်္သာရီ ရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

လက်ရှိဘက်ပြောင်းခိုလှုံလာသူ၏ တွဲဖက်စစ်သားဆိုသူ အကြောင်းကိုမူ မသိရသေးပေ။

ဘက်ပြောင်းခိုလှုံသူက တပ်သားဟော်လစ်ဖြစ်ပြီး မြိတ်မြို့ သို့ အလုပ်လုပ်ရန် ရောက်လာစဉ် တပ်သားသစ်အဖြစ်စုဆောင်းခံရကာ ပလောက်မြို့ရှိ စစ်သင်တန်းကျောင်းတွင် သုံးလတက်ရောက်ပြီးနောက် ခလရ (၅၅၇)တပ်ရင်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ဘက်ပြောင်းခိုလှုံလာသည့် တပ်သားကို တနင်္သာရီမြို့နယ် ပကဖ စိုးမိုးနယ်မြေအတွင်း လုံခြုံစွာထားရှိပြီး CDMများကို ကူညီပေးနေသည့်အဖွဲ့များထံ ဆက်သွယ်ထားကာ သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း တင်ပြထားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၃ရက်နေ့ကလည်း စစ်ကောင်စီတပ်သား ၄ ဦးသည် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြိတ်ပကဖ) ထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။