BREAKING
January 22, 2025

ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာကို ထားဝယ်ခရိုင် တပ်ရင်း ၁ က ဒရုန်းရဲဘော် ဆွတ်ခူး

November 3, 2024

ပုံစာ - ထားဝယ်ခရိုင် တပ်ရင်း ၁ မှ ဒရုန်းရဲဘော်များ လေ့ကျင့်နေစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - SGDF

တော်လှန်ရေးရန်ပုံငွေအတွက် ယခုနှစ်ဆန်းပိုင်းမှစ၍ လစဥ်ရောင်းချ ဖွင့်လှစ်ပေးနေသည့် ထောက်ပို့ထီ၏ ယခုလပထမဆုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၁ (T 1) မှ ရဲဘော်တစ်ဦးက ဆွတ်ခူးသွားသည်ဟု အဆိုပါတပ်ရင်းထံကသိရသည် ။

ထားဝယ်ခရိုင် တပ်ရင်း ၁ (T 1) ၏ လက်ရုံးတပ်ဖြစ်သော ဒရုန်းတပ်မှ ရဲဘော်ကြွက်ဖြူ ကံစမ်းထားသည့် ၇၂၄၈၂၃ နံပါတ်ဖြင့် ကံထူးခဲ့ခြင်းဖြစ်သည် ။

“ရဲဘော် ရဲ့အစ်မ ဖြစ်သူက သူ့မောင်လေး အမည်နဲ့လာထိုးပေးထားတဲ့အထဲက ပေါက်တာပါ “ ဟု တပ်ရင်း ၁ ၏ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

ဆယ်ကြိမ်မြောက်ထီဆု၏ ကံထူးရှင် ရဲဘော်ကြွက်ဖြူက ကျပ်သိန်း ၅၀၀ အထဲမှ တော်လှန်ရေးအတွက် ပြန်လည်ထည့်ဝင်မည်ဟု ပြောထားပြီး မည်မျှပြန်လည်ထည့်ဝင်မည်ကိုမူ အတိအကျမသိရသေးဟု ၎င်းက ပြောသည် ။

ထောက်ပိုထီကို လစဥ် ၂ ရက်နေ့တိုင်း ထောက်ပို့ထီ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တိုက်ရိုက် live လွှင့် မဲနှိုက်ရွေးချယ်ပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့်လ ၉ ကြိမ်မြောက် ထောက်ပို့ထီ ပထမဆုကိုလည်း မြိတ်ခရိုင် ၊ အမှတ် ၁ တပ်ရင်းက ရဲဘော်တစ်ဦးက ကံထူးခဲ့သည်ဟု ထောက်ပို့ထီ ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထောက်ပို့ထီကို မြန်မာငွေ ကျပ်နှစ်ထောင် ၊ ထိုင်းငွေနှစ်ဆယ့်ငါးဘတ်ဖြင့် ထိုင်းနှင့်ပြည်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များစိုးမိုးသည့်နေရာများတွင် ရောင်းချပြီး ပထမဆုကျပ်သိန်းငါးရာအပါအဝင် ငွေသားဆု အရေအတွက် တစ်ထောင်ကျော် လစဥ် ဖွင့်လှစ်ချီးမြှင့်လျက်ရှိသည်။

ထောက်ပို့ထီ မှ ရရှိသည့် ရန်ပုံငွေများကို တနင်္သာရီတိုင်း ရှိ တော်လှန်ရေးအဖွဲ့အချို့ အပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ရာကျော် ထံ ထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်တွင် ဇူလိုင်လက ထုတ်ပြန်ထားသည်။