BREAKING
December 23, 2024

ရေဖြူတွင် ရဟန်းတစ်ပါး ဖမ်းဆီးခံရ

November 3, 2024

ရေဖြူမြို့နယ်၊ ပရဒတ်ရွာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းတစ်ပါးကို လက်နက်ကိုင်အဖွဲ့တစ်ခုက နိုဝင်ဘာလ ၁ရက် ညနေပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရဟန်းမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က သင်္ကန်းဝတ်ခဲ့သည့် ပရဒတ်ရွာသား အသက် ၅၀ကျော်အရွယ်ရှိ လူအမည် ဦးစုသန်းအေးဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူ့ဆွေမျိုးတွေရဲ့ ကထိန်မှာ မနှစ်က သင်္ကန်းဝတ်ထားတာ။ အခုဆိုတစ်နှစ်လောက်ရှိနေပြီ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပုဂ္ဂိုလ်မှာ စစ်အဏာသိမ်းပြီးစအချိန်တွင် ပျူစောထီးခေါင်းဆောင် မင်းဘာလီဆိုသူ၏ လက်နက်ကိုင်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သို့သော် လွန်ခဲ့သည့် ၂နှစ်ခန့်ကစပြီး လက်နက်စွန့်ထားသူဖြစ်ကြောင်း ဒေသခံများ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁ရက်ကလည်း မောင်းမကန်ရွာတွင်သားတစ်ဦးကို ညောင်ပင်ဆိပ်ရွာဘက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။

ပရဒတ်ရွာက ရဟန်းနှင့် မောင်းမကန်ကန် ရွာသားတို့ ဖမ်းဆီးခံရသည့်အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ဖမ်းဆီးထားသည်တို့ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းခေါ်သွားသည့် မောင်းမကန်ရွာသူ ဒေါ်ခင်နှောင်းဆိုသူမှာလည်း ၁၃ ရက်ကြာသည်အထိ အဆက်သွယ်မရသေးကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က အောက်တိုဘာလ ၂၃ ရက်က ထုတ်ပြန်ထားသည်။

ယင်းအပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိလှုပ်ရှားရာ ဒေသများတွင် ဖြစ်ပေါ်နေသည့် ယခုလိုဖြစ်ရပ်များအတွက် အမှန်တရားပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးရန်လည်း တိုက်တွန်းထားသည်။