BREAKING
December 22, 2024

ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်

November 3, 2024

ဒီခေါင်းစဉ်က တကယ်တော့ ၁၉၉၁ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အက်ဆေး တစ်ခုရဲ့ ခေါင်းစဉ်ပါ။ The True Meaning of Boh တဲ့။ သူ့ဆောင်းပါးကို ဖတ်မိရင်း အတွေးပွားစရာတွေ များလှတယ်။ ဗိုလ်ဆိုတာ ဘာပါလဲ။

မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က တပ်ထဲမှာ ကိုယ့်ကိုယ့်ကို ဗိုလ်တွေ တပ်ခေါ်ကြတယ်။ ဗိုလ်တေဇ၊ ဗိုလ်လကျ်ာ၊ ဗိုလ်ကျော်ဇော စသည်ဖြင့်ပေါ့။ အဲဒီတုန်းက ထုံးစံ အတိုင်းစစ်အတွင်းထဲမှာ ဆိုတော့ ဗိုလ်ဆိုတာ သည်းချေကြိုက်၊ ပြည်သူ့ အသည်းနှလုံးပေါ့။ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်သူတွေကိုး။

ဆိုတော့ ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်က ဘယ်က လာပါသလဲ။

ဗိုလ်ဆိုတာ ‘ဗလ’ က လာတာလို့ ဒေါ်အောင်ဆန်းစုကြည်က အက်ဆေးထဲမှာ အနက်ကောက်တယ်။ ဗလ ဆိုတာ ပါဠိစကား ဖြစ်ပြီး အင်အား၊ ဒါမှမဟုတ် ခွန်အားလို့ ဆိုရမယ် ထင်တယ်။ ဗလ ငါးတန်ရှိတယ်ဆိုပြီး ပြောပြောလေ့ရှိတယ်။ ကာယ ဗလ၊ ဉာဏဗလ၊ ဘောဂ ဗလ၊ စာရိတ္တ ဗလနဲ့ မိတ္တဗလ ပေါ့။ ဒါကို သုံးပြီး လိုရင်းပန်းတိုင်ရောက်နိုင်ပေါ့။ ဒါပေမဲ့ ကိုယ်စိတ်နှစ်ပါးကို ထိန်းချုပ် စည်းသပ်ပြီးမှ ခွန်အားကို ဉာဏ်ရှိရှိသုံးရမယ်လို့ အက်ဆေးထဲမှာ ဆိုထားပါတယ်။

ခင်မောင်စော (ဘာလင်) ရေးသော “ဗိုလ်” ဟူသောဝေါဟာရ ဆောင်းပါးမှာတော့ ဗိုလ်ဆိုတာ စစ်ဘက်မှာ ပိုတွင်ပေမဲ့ အရပ်ဘက်မှာလည်း သုံးကြတယ်လို့ဆိုတယ်။ အရပ်ဘက် စီမံခန့်ခွဲရေး နယ်မြေတွေမှာပေါ့။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ အကောက်ဗိုလ် အဲဒီလို အသုံးတွေက ဗြိတိသျှခေတ်က အသုံးများပါတယ်။ အခုတောင်မှ အချို့နယ်တွေမှာ သုံးကြတုန်းပါ။

နောက်ပြီး အားကစား နယ်ပယ်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးတယ်လို့ ခင်မောင်စော (ဘာလင်) ရေးပါတယ်။

ဗိုလ်စွဲ၊ ဗိုလ်လုပွဲ၊ အကြို ဗိုလ်လုပွဲ၊ ဗိုလ်မထား၊ ဗိုလ်မရွေး၊ စစ်တုရင်ဗိုလ်၊ ကျားဗိုလ် အဲဒီလိုမျိုးလို့ သူကဆိုတယ်။

နောက်ပြီး အားလုံးသိတဲ့အတိုင်း အဖြူအနောက်တိုင်းသားတွေကိုလည်း ဗိုလ်လို့ သုံးတာမျိုးရှိပါသေးတယ်။

တကယ်တော့ ဗိုလ်ဆိုတာ အကောင်းဘက်မှာလည်း တွင်သလို၊ အဆိုးဘက်မှာလည်း အသုံးများပါတယ်။ လူဆိုးဗိုလ်၊ ဓါးပြဗိုလ်၊ ဗိုလ်ကျ ဆိုတာမျိုးတွေပေါ့။

ဗိုလ်ဆိုတဲ့ ခွန်အားကို သုံးရာမှာ မျဉ်းက ပါးပါးလေးရယ်။ ခွန်အားကို နည်းလမ်း တကျ အသုံးမပြုတဲ့ အခါ ပျက်ရာပျက်ကြောင်း ဖြစ်သွားစေတယ်။

ဗလဆိုတဲ့ ခွန်အားကို မလိုတမာ အသုံးပြုတဲ့ အခါ ဗလက္ကာရ ဆိုပြီး ထွင်သွားတယ်။ ဗလက္ကာရ၊ အနိုင်ထက်စီးနင်းပြုဖို့အတွက် ခွန်းအားကို မသုံးဖို့ ဗိုလ်ချုပ် အောင်ဆန်းက စစ်သားတွေကို တိုက်တွန်းလေ့ရှိတယ်လို့ ဆိုတယ်။

လူသားတွေရဲ့ အလေ့အထဖြစ်တဲ့ ခွန်အား၊ အင်အားရှိလာရင် အားနည်းသူကို အနိုက်ထက်ကလူပြုတတ်တဲ့သဘောကို ဗိုလ်ချုပ်အောင်ဆန်းက ထောက်ပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အက်ဆေးမှာ ဆိုထားပါတယ်။

အင်အားနည်းသူတွေနဲ့ ဆက်ဆံပြုမူရာမှာ ခွန်အားကို တလွဲ မသုံးဖို့၊ တရားသဖြင့် အသုံးပြုဖို့ လိုကြောင်းသူက ဆိုတယ်။ ဒီလိုမဟုတ်ရင်တော့ တနေ့ စစ်တပ်ဟာ စက်ဆုပ်ဖွယ် ဆိုပြီး လူထု အကဲဖြတ်ခံရမှာ ဖြစ်တယ်လို့ မှာပါတယ်။

“စစ်တပ်ကို လူထုမြတ်နိုးဖွယ်ရာ၊ ကိုးစားဖွယ်ရာ ဖြစ်မလားဆိုတာ အဲဒီ အပေါ်မူတည်လိမ့်မယ်”လို့ ဗိုလ်ချုပ်အောင်ဆန်းက ဆိုပါတယ်။

နောက်တစ်ချက် စစ်တပ်ဆိုတာ ပြောင်မြောက်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြရမယ်။ ဒါပေမဲ့ ဒီလိုပြတဲ့ နေရာမှာ အခွင့်ထူးခံ မဟုတ်ဘူးဆိုတဲ့ သဘောဆောင်ရမယ်လို့ ဆိုတယ်။ စစ်တပ်ဆိုတာ တစ်ပါတီ၊ လူတစ်ဦးအတွက် ထူထောင်ထားတာမဟုတ်ဘူး။

တိုင်းပြည်အတွက်ဖြစ်တယ်။ နောက်ပြီးတော့ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ထားတာကို မကြိုက်ဘူး။ အဲဒီလို အမြင်မျိုးကနေ ဖယ်ခွာရမယ်လို့ ဆိုတယ်။

သူပြောတာ တစ်ခုရှိတယ်။

“စစ်သားမဟုတ်ဘဲ တိုင်းပြည်အတွက် ဆင်းရဲ ဒုက္ခခံရသူတွေ၊ အမျိုးမျိုး ပေးဆပ်တဲ့သူတွေ အများကြီး။ ဒီတော့ စစ်သားကမှ ပေးဆပ်သူဆိုတဲ့ သဘောထားကို ပြောင်းရမယ်”

စစ်တပ်ဟာ လက်နက်ကိုင်ထားလို့ဆိုပြီး မတော်မတရား လုပ်လို့မရဘူး။ တိုင်းပြည်ရဲ့ ရန်သူမဖြစ်ရဘူး။ မိတ်ဆွေရောင်းရင်းပဲ ဖြစ်ရမယ်။ ပြည်သူ ‘တက်တက်ကြွကြွ’ မပါဘဲ တိုင်းပြည်ရဲ့ ဘယ်လို သမိုင်းဝင် အောင်ပွဲမှ မရဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းက ယုံတယ်။

ပြည်သူတွေကို စည်းရုံးရာမှာလည်း ထင်တစ်လုံး ဖြစ်စေတဲ့၊ မဖြစ်နိုင်တဲ့ ကတိကဝတ် (Flattery or False Hope) တွေ မပေးရဘူး။ ရိုးဖြောင့်ရမယ်။ ဒါမှပဲ ပြည်သူနဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ်။ ပြည်သူကိုးစားမှု ရမယ်လို့ သူက သဘောထားရှိတယ်။ ဒါမှလည်း လိုရင်းပန်းတိုင် လွတ်လပ်ရေးရမယ်လို့ သူတွက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းက လူထုကို အထင်မသေးဘူး။ မြန်မာလူထု အများစုဟာ အမှန်နဲ့ အမှားကို ခွဲခြားနိုင်တယ်။ ဉာဏ်ရှိတယ်။ လူထုမလိုလားတဲ့ တစ်နေ့ အတင်းအဓမ္မ ကပ်နေလို့ မရဘူးဆိုတာကို သူပြောလေ့ရှိတယ်။

ကြာခဲ့ပါပြီ။ နှစ်တစ်ရာနီးလုပြီပေါ့။ အက်ဆေးလေးကို ဖတ်ရင်း အတွေးပွားမိတယ်။

အခုလည်း မြန်မာပြည်မယ် နောက်ထပ် တွန်းလှန်မှုတစ်ခုကို မြိုင်မြိုင်ဆိုင်ဆိုင် နွှဲနေကြတယ်။ နှစ်အနည်းငယ်ထဲမှာ လူထု တပ်ဆင်ပေးထားတဲ့ ခွန်အားတွေ ရလာပြီ။

ဗိုလ်ချုပ်အောင်ဆန်းမှာ သလို အဲဒီ ခွန်အားတွေကို ဘယ်လို အသုံးချမလဲ။ တခါခါကျတော့လည်း မတော်မတရားမှုလေးတွေ ကြားရတယ်။ နိုင်ထက်စီးနင်းမှုလေးတွေ တစ်စိုးတစ်စီ သိလာရတယ်။ ဗိုလ်ဆိုတဲ့ ခွန်အား ကို သုံးတဲ့နေရာမှာ အကောင်းဘက်မဟုတ်ဘဲ ‘ဗိုလ်ကျ’ တဲ့ ဘက်ကို ရောက်လာတာမျိုးပေါ့။

အိပ်ရာထဲလဲနေတဲ့ နားမကျန်းဖခင်ကို မစွန့်ရဲဘဲ အသက်ပေးသွားသူတွေ။ မခံချင်မှု၊ မကျေနပ်မှု သက်သက်နဲ့ တွန်းလှန်သူထဲ ပါဝင်လာသူတွေ။ ဒီလိုနဲ့ အသက်ပေးသွားရသူတွေ။ နောက်ဆုံး အရွယ်မှာ တရားမရှာနိုင်ဘဲ ပြေးလွှားနေရသော်လည်း စိတ်မကွက်မညည်းငြူဘဲ စိတ်တင်းထားရတဲ့ အဘွားအို၊ အမယ်အိုတွေ။ ငါ့သားလေးက ဝင်သွားပြီဟ ဆိုပြီး ဂုဏ်ယူနေတဲ့ မိခင်တွေ။ တိုင်းတပါးမှာ ရသမျှ အောက်ကျခံပြီး ချွေးနည်းစာလေး ထည့်ဝင်နေသူတွေ။ ဘယ်တော့လဲ၊ ဘယ်တော့လဲနဲ့ မေးနေတတ်သူတွေ။

အားလုံးကို မျက်လုံးထဲ ရုပ်ရှင်ကားချပ်လို မြင်ယောင်လာတယ်။

စစ်မတိုက်၊ လက်နက်မကိုင်ဘဲ ဒုက္ခဆင်းရဲခံ၊ ပေးဆပ်နေသူတွေ။ ငါတို့တိုင်းပြည်မှာ ဒါဟာ နောက်ဆုံး ဖြစ်ပါစေတဲ့။ တကယ်လည်းယုံတယ်။ ယုံတဲ့အတိုင်းလည်း ပုံ (အော) တယ်။

လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတယ်၊ တိုင်းပြည်ရဲ့ အမိ အဖ ဖြစ်တယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်အပ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ အယုံသွင်းထားတဲ့ အင်စတီကျူးရှင်းက အခုတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ အတိုင်း ပြည်သူရဲ့ အကဲဖြတ် အပြစ်ပေးတာ ခံနေရပြီ။

ပြည်သူပေးတဲ့ ခွန်အားဗလတွေနဲ့ တိုက်ပွဲဝင်နေသူတွေကကော အဲဒီ ဗလ ကို မှန်မှန်ကန်အသုံးချနိုင်ရဲ့လား။ ဗလ လို့ဆိုရမယ့် ဗိုလ် တွေက ကော နည်းမှန်လမ်းမှန်နဲ့ တော်တည့်တရားတဲ့ အလုပ်တွေ လုပ်နေနိုင်ရဲ့လား။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မှာခဲ့တယ်။ ငါတို့ဟာ အသက်ပေးသူဖြစ်လို့ အခွင့်ထူးခံဖြစ်တယ် မပြောအပ်တဲ့။ အခုကော ဘယ်လိုလဲ။

အခု ဗိုလ်ချုပ်ရှိရင် ဘာများ ဆဲဆို၊ ပြောဦးမလဲ စဉ်းစားမိတယ်။

ကိုယ်တွေဆီမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး အမွှန်းတင်တာများတယ်။ စစ်အစိုးရ အဆက်ဆက် စစ်ဇာတ်သွင်းချင်တော့ စစ်ဗိုလ်ချုပ်ကို သူရဲကောင်း လုပ်ခဲ့သလား မပြောတတ်။

တကယ်တော့ မြန်မာပြည်လွတ်လပ်ရေးအတွက် ဗြိတိသျှတွေနဲ့ ညှိနှိုင်းပြီး စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်။ ဦးအောင်ဆန်း။

စစ်ကြီးပြီးတော့ သတ္တိရှိရှိနဲ့ လူဝတ်လဲသွားတယ်။ ဘောင်းဘီချွတ်တယ်။ ပုဆိုးဝတ် ခေါင်းပေါင်းပေါင်းပြီး လက်နက်မဲ့ နိုင်ငံရေးသမားဘဝကို သတ္တိရှိရှိ ကူးသွားခဲ့တယ်။ သူ့ ခွန်အားဗလကို သူယုံတယ်။ လက်နက်ရှိမှ ခွန်အားရှိတာ မဟုတ်ဘူးဆိုတာ ပြသွားတယ်။

တကယ်တော့ ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်က ခွန်အားဗလတဲ့။ ဒါပေမဲ့ တော်တည့်မှန်ကန်စွာ၊ တရားသဖြင့်၊ ပြည်သူကို နှိပ်စက်ကလူမပြုဘဲ ပြည်သူ့ အသည်းနှလုံးပိုင်စိုးပြီး သုံးဖို့ လွန်ခဲ့တဲ့ နှစ် ၈၀ ကျော် သမိုင်းက သွန်သင်ခဲ့ပြီးသွားပြီ။

ဒီတစ်ခေါက် ထပ်မှားရင် ကိုယ်တွေက အမှားဆီက မသင်ယူနိုင်သူတွေဘဲ ဖြစ်မယ်။

ခွန်းသု