BREAKING
January 22, 2025

ဒေသထွက် မျှင်ငါးပိ ဈေးနှစ်ဆခန့်ခုန်တက်

November 3, 2024

ဓာတ်ပုံ - MT ရေထွက်ပစ္စည်းရောင်းဝယ်ရေး။

တနင်္သာရီတိုင်း ပင်လယ်ဒေသမှထွက်သည့် မျှင်ငါးပိစျေးမှာ နှစ်ဆခန့်အထိ ခုန်တက်သွားကြောင်း ရေလုပ်သားများထံမှ သိရသည်။

ယမန်နှစ်က မျှင်ငါးပိ (အကောင်းစား)တစ်ပိဿာလျှင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရှိနေရာက လက်ရှိတွင် ကျပ်တစ်သောင်း ဝန်းကျင်အထိ ဈေးမြောက်နေကြောင်း ဘုတ်ပြင်း၊ ကျွန်းစုနှင့် မြိတ်မြို့နယ်ရှိ မျှင်ငါးပိလုပ်နေသည့် ရေလုပ်သား အချို့က ဆိုသည်။

ငါးပိအရည်အသွေးအပေါ်မူတည်ကာ တစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဝန်းကျင်မှ ကျပ်တစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။

မျှင်ငါးပိကို ဂွေးကောင်ဟုခေါ်သည့် ပင်လယ်ထွက်သတ္တဝါအား ဆားဖြင့်ရောကာ နေလှန်းခြင်း၊ ထောင်းခြင်း အစရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ပြုလုပ်ရသည်။

ငါးပိလုပ်ရာတွင် အသုံးပြုသည့် ဆားကြမ်းဈေးမြင့်တတ်ခြင်း ၊ငါးပိလုပ်သည့်ဂွေးကောင်များ ဖမ်းဆီးရရှိမှုနည်းလာခြင်း ၊ မိုးကာလအလွန် မိုးရွာသွန်းမှုများခြင်းတို့ကြောင့် ငါးပိဈေးတက်လာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကော့ကနင်းရွာတွင် ငါးပိလုပ်နေသည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

“အဓိက အကြောင်းအရင်းက ဒီနှစ်က အရင်နှစ်ကထက် မိုးပိုများတယ်။ မိုးများတော့ ငါးပိဖြစ်(လုပ်ရ) တာကြာတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ငါးပိကို ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများဖြစ်သော အုတ်ဖို၊ မိုင်းတွေး၊ကော့ကနင်း၊ကျောက်ပိတ်၊ ကျောက်ကုန်း၊ ရွှေဂဲညို စသည့်ရွာများတွင် အဓိကထုတ်လုပ်ကြသည်။

မျှင်ငါးပိကို နွေရာသီတွင် အဓိကထုတ်လုပ်ကြပြီး နေအပူရှိန်ကောင်းစွာရရှိ‌သည့် ငါးပိက အနံ့မွှေးကာ ငါးပိအမျိုးအစား ကောင်းကြောင်း ငါးပိလုပ်သူများက ဆိုသည်။

မိုးရာသီတွင် ထုတ်လုပ်သည့် ငါးပိမှာ အနံ့အသက်မကောင်းသည့်အတွက် ရောင်းအားနည်းလေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ငယ်များတွင် တစ်ဆယ်သားဝန်းကျင်ပါသည့် ငါးပိတစ်ထုပ်ကို ယခင်က ကျပ် ၃၀၀ခန့်ဖြင့် ရောင်းချခဲ့ရာက လက်ရှိတွင် ကျပ်တစ်ထောင်ဝန်းကျင်အထိ ရောင်းချနေကြောင်း ဘုတ်ပြင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ထမင်းစားစရာမရှိရင် ငါးပိထောင်းနဲ့ စားဖို့တောင်မလွယ်တော့ဘူး” ဟုအထက်ပါအမျိုးသမီးက ပြောသည်။

မျှင်ငါးပိကို တိုင်းအတွင်းရှိ ဘုတ်ပြင်း၊ လောင်းလုံး၊ထားဝယ်၊ မြိတ်၊ ကျွန်းစု အစရှိသည့် မြို့ နယ်အများစုတွင် ထုတ်လုပ်နေပြီး ဒေသတွင်းစားသုံးမှုများသည့် မီးဖိုချောင်သုံး အစားအစာတစ်ခုဖြစ်သည်။

ထို့အပြင် ပြည်ပရောက်မြန်မာအများစုရှိသည့် ပြည်ပနိုင်ငံများတွင်လည်း ရောင်းဝယ်ကြသည့်ဈေးကွက်ရှိသည်။