ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ
အမေရိကန်တွင် သေနတ်သမားအလောင်းကို တွေ့ရှိ

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ဦးကို သေနတ်ပစ်သတ်ခဲ့တဲ့ Robert Card ကို သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။
သူ့ကိုယ်သူ ပစ်ခတ်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ပုံရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
Card ရဲ့ ရုပ်အလောင်းကို Lisbon မြို့မှာ တွေ့ရှိခဲ့ပါတယ်။
Robert Card ရဲ့ အန္တရာယ်ကို စိုးရိမ်စရာ မရှိတော့ပါဘူး။ ထိခိုက်ဆုံးရှံးမှုတွေကို ပြန်လည် ကုစားရမယ့် အချိန် ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
သေနတ်ပစ်ခတ်မှုက အောက်တိုဘာ ၂၅ ရက်ကဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကာ ၁၃ ဦးဒဏ်ရာရရှိခဲ့တာပါ။
သေနတ်သမား Robert Card ဟာ သေနတ်ပစ် လေ့ကျင့်ပေးရေးဆရာတစ်ဦးလည်းဖြစ်သလို အမေရိကန် အရန်တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ဆေးမှတ်တမ်းအရ စိတ်ကျန်းမာရေး ချို့ယွင်းမှုရှိသူလို့ သိရပါတယ်။
ဒါကြောင့် ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Maine ပြည်နယ်အတွင်း တပ်ဖြန့်ထားပြီး သူ့ကို အန္တရာယ်ရှိသူအဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Ref: CBS News
………………………………..
ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်နှုတ်ထွက်ရေး ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဒါကာမြို့တော်က ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။
ဝန်ကြီးချုပ် Hasina နုတ်ထွက်ပေးဖို့နဲ့ ပါတီစွဲမပါတဲ့ ယာယီ အိမ်စောင့် အစိုးရတရပ်ကို အာဏာလွှဲပြောင်းပေးဖို့ ဆန္ဒပြခဲ့ကြတာပါ။
နောက် အထွေထွေ ရွေးကောက်ပွဲကို ဦးဆောင်ကြီးကြပ်ဖို့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း Zia ကို ထောက်ခံသူတွေက အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ အော်ဟစ် ဆန္ဒပြကြတဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က အသံဗုံးနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် ပိုမိုပြင်းထန်လာခဲ့ပါတယ်။
ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ဖျက်ဆီးပစ်လိုက်တာလို့ အတိုက်အခံပါတီဘက်က ဆိုခဲ့ပါတယ်။
ဆန္ဒပြပွဲဖြစ်ပြီးတဲ့နောက် အတိုက်အခံပါတီခေါင်းဆောင်ကို ဖမ်းဆီးခဲ့သလို တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာလဲ ဖမ်းဆီးခံရပါတယ်။
Ref: Aljazeera
………………………………..
အစ္စရေး-ဟားမတ်စ် ပဋိပက္ခ သုံးပတ်အတွင်း ကလေးငယ် ၃၀၀၀ ကျော်သေဆုံး

အစ္စရေး-ဟာမတ်စ် စစ်ပွဲ သုံးပတ်တာ ကာလအတွင်း ကလေးပေါင်း ၃၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ Save The Children ကထုတ်ပြန်လိုက်ပါတယ်။
ဒီအရေအတွက်ဟာ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိပက္ခတွေအတွင်းမှာ သေဆုံးခဲ့ရတဲ့ ကလေးအရေအတွက်ကို ကျော်လွန်သွားတယ်လို့ ဆိုလိုက်တာပါ။
ဂါဇာဒေသမှာ ကလေးငယ် ၁၀၀၀ ကျော်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုထားပါတယ်။
တစ်နေ့တည်း ဂါဇာကမ်းမြောင်ဒေသမှာ ဟာမတ်စ်အခြေစိုက်နေရာပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအရပ်သားတွေကို ဟာမတ်စ်ဆန့်ကျင်ရေးစစ်ပွဲကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂၉ ရက်နေ့က ထပ်မံသတိပေးထားပါသေးတယ်။
Ref: Aljazeera
………………………………..
ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ထွက်ခွာခွင့်ရ

ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမအသုတ်အနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့က အီဂျစ်နိုင်ငံကို ထွက်ခွာခွင့်ရရှိခဲ့ပါတယ်။
ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ Rafah နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ အစ္စရေး၊ အီဂျစ်နဲ့ ဟာမတ်စ်တို့ကြား သဘောတူညီချက် ရရှိခဲ့ကြတာပါ။
အီဂျစ်နိုင်ငံကို ဂါဇာဒေသက အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံပေါင်းစုံက နိုင်ငံခြားသား ၃၆၀ ထက်မနည်း ထွက်ခွာခွင့်ရရှိခဲ့ပါတယ်။
ဒါအပြင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ပါလက်စတိုင်းတချို့ ဂါဇာဒေသကနေ ထွက်ခွာပြီး ဆေးကုသခွင့် ရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာလည်း ဘတ်စ်ကား ၂ စီးစာ နိုင်ငံခြား Passport ကိုင်ဆောင်ထားသူတွေ အီဂျစ်နိုင်ငံဘက်ကို ထပ်မံထွက်ခွင့်ရရှိခဲ့ပါတယ်။
Ref: CNN
………………………………..
ရုရှားသိမ်းထားသော ယူကရိန်းမြို့တွင် မိသားစုလိုက် ပစ်သတ်ခံရ

ရုရှားသိမ်းထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဗော့နိုဗာခါမြို့ မှာ ယူကရိန်းကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း လူ ၉ ဦးပါတဲ့ မိသားစုတစ်ခု အိပ်ယာပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့ပါတယ်။
သူတို့မိသားစုဟာ အိမ်ကနေဖယ်ပေးဖို့ ငြင်းပယ်ကြတာကြောင့် အောက်တိုဘာလ ၂၇ ရက်မှာ ရုရှားစစ်သားတွေ သတ်ဖြတ်ခဲ့တာလို့ ယူဆထားတာပါ။
အသတ်ခံရသူမိသားစုဝင်တွေဟာ ပွေ့ဖက်ထားကြတာပါ။
ကုတင်ပေါ်မှာသွေးတွေနဲ့ လဲကျနေပြီး ကျည်ဆန်ထိမှန်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲပါတယ်။
ရုရှားဘက် သိမ်းပိုက်သူတွေက အိပ်ပျော်နေတဲ့ မိသားစုကို သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူတွေဟာ သူတို့အိမ်တွေကို ရုရှားတွေကိုလွှဲပြောင်းပေးဖို့ ငြင်းဆန်နေသူတွေဖြစ်တယ်လို့ ယူကရိန်းစုံစမ်းရေးအရာရှိက ဆိုပါတယ်။
Ref: CNN
………………………………..
ဘော်နီယိုကျွန်းပေါ် မြို့တော်တည်ဆောက်ရေး အင်ဒိုနီးရှား ဆက်လက်လုပ်ဆောင်နေ

အင်ဒိုနီးရှားနိုင်ငံမှာ ဘော်နီယိုကျွန်းထဲ မြို့တော် တည်ဆောက်မယ့် အစီအစဉ်ကို သမ္မတ ဂျိုကို ဝီဒိုဒိုက ရှေ့ဆက်လုပ်ဆောင်နေခဲ့ပါတယ်။
နိုင်ငံတကာ လေဆိပ်ကို တစ်နှစ်အတွင်း တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့သလို ဆေးရုံနဲ့ ဟိုတယ် တစ်လုံးလည်း စတင်တည်ဆောက်မယ်လို့ စီစဉ်နေခဲ့ပါတယ်။
အစိုးရရုံးစိုက်ရာ မြို့သစ် နူဆန်တရာကို တည်ဆောက်ပြီး ဂျာကာတာမြို့တော်က ကားလမ်းပိတ်မှု၊ လူဦးရေထူထပ်မှု၊ လေထုညစ်ညမ်းမှု အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။
ဝေးလံလှတဲ့ နေရာမှာ မြို့သစ် တည်ဆောက်မှုကြောင့် ကုန်ကျစရိတ် ၊ အဆင်မပြေမှုတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လူအများက မေးခွန်းထုတ် ဝေဖန်နေခဲ့ကြပါတယ်။
Ref: Benar News
………………………………..
ရွှေဘောလုံးဆု မက်ဆီ ၈ ကြိမ်မြောက်ဆွတ်ခူး

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား Ballon d’Or ရွှေဘောလုံးဆုကို အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုပါပေါင်းလိုက်ရင် မက်ဆီအနေနဲ့ Ballon d’Or ရတာ ၈ ကြိမ်ရှိပါပြီ။
အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ရွှေဘောလုံးဆုကိုတော့ စပိန်အသင်းနဲ့ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်စွဲခဲ့တဲ့ ဘာစီလိုနာကစားသမား Aitana Bonmati က ရရှိသွားပါတယ်။
နော်ဝေလက်ရွေးစင် မန်စီးတီး တိုက်စစ်မှုး ဟာလန်းက အကောင်းဆုံးတိုက်စစ်မှူးဆု ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ရီးရဲမက်ဒရစ် အသင်းက အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်က ရရှိခဲ့ပါတယ်။
Ref: ESPN
………………………………..
အမေရိကန်တွင် ဟောလိုးဝင်းပွဲတော် ကျင်းပ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဒေါက်တာဂျေးလ်ဘိုင်ဒန်တို့ဟာ Halloween တစ္ဆေကြီးများပွဲတော်ကို တစ်ရက်စောပြီး အောက်တိုဘာ ၃၀ ရက်နေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။
ပုံစံမျိုးစုံ အရောင်မျိုးစုံ ဝတ်ဆင်ထားကြတဲ့ ကလေးတွေကို သကြားလုံးနဲ့ ချောကလက်တွေအပြင် စာအုပ်တွေလည်း ပေးဝေခဲ့ပါသေးတယ်။
Hallo-Read ဆိုတဲ့ အစီအစဉ်လည်းပါဝင်ခဲ့ပြီး ကလေးတွေကို ပုံပြောပြခဲ့ကြပါတယ်။
သမ္မတကတော်က သူတို့ရဲ့ ကြောင်ကလေး Willow ပုံစံဝတ်ဆင်ထားခဲ့ပြီး ဧည့်သည်ပေါင်း ၈၀၀၀ လောက် လာရောက်ခဲ့ကြတယ်လို့ အိမ်ဖြူတော်က ခန့်မှန်းခဲ့ပါတယ်။
Ref: People
………………………………..
တရုတ်ဝန်ကြီးချုပ်ဟောင်း ဈာပန ကျင်းပ

တရုတ်ဝန်ကြီးချုပ်ဟောင်း Li Keqiang ရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ဈာပနာအိမ်သွားရာ အဝင်အထွက်လမ်းတွေကိုတော့ လုံခြုံရေး တင်းကြပ်ထားခဲ့တာပါ။
သူ့ရုပ်အလောင်းကိုတော့ တရုတ်နိုင်ငံ့ခေါင်းဆောင်တွေ မြှုပ်နှံလေ့ရှိတဲ့ Babaoshan (ဘာဘောင်ရှန်) တော်လှန်ရေးသင်္ချိုင်းမှာပဲ မြှုပ်နှံခဲ့ပါတယ်။
အသက် ၆၈ နှစ်အရွယ် Li Keqiang ဟာ ဝန်ကြီးချုပ်တာဝန်ကနေအနားယူလိုက်ပြီး လအတန်အကြာမှာ နှလုံးဖောက်တဲ့ဝေဒနာနဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းက ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ ကနေ ၂၀၂၃ ခုနှစ်ထိ ၁၀ နှစ်တာကာလအတွင်း တရုတ်ပြည်ရဲ့ ဒုတိယမြောက်အာဏာအရှိဆုံးသူ လည်း ဖြစ်ပါတယ်။
Ref: CNA
………………………………..
Mission Impossible ရုပ်ရှင် ရုံတင်ရက်ကို တနှစ်အထိ ရွှေ့ဆိုင်း

“Mission: Impossible” ၈ ကားမြောက် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ နောက်တနှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတာကနေ ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ပြောကြားခဲ့တာပါ။
မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ညွှန်းဆရာတွေ အလုပ်မလုပ်ပဲ ၃ လကျော် သပိတ်မှောက်ထားလို့ ရွှေ့ဆိုင်းခဲ့တာလို့ ဆိုထားပါတယ်။
ဒီဇတ်ကားက Christopher McQuarrie ရိုက်ကူးတဲ့ “Mission: Impossible — Dead Reckoning Part One” အပိုင်း ၁ရဲ့ နောက်ဆက်တွက်ဖြစ်ပါတယ်။
အခု အပိုင်း ၂ ကိုတော့ Mission: Impossible – Dead Reckoning Part 2 လို့ ကနဦး သိထားရပါတယ်။
Ref: Euro News
………………………………..