BREAKING
January 13, 2025

လောင်းလုံးတွင် အရပ်ဝတ်ဖြင့်လာသည့်စစ်ကြောင်း အမျိုးသမီးငယ်တစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို ဖမ်းခေါ်

November 3, 2023

လောင်းလုံးမြို့နယ် အရှေ့သဗျာ (ခေါ်) ပဉ္စသီမော်ရွာ မြောက်ဘက်ပိုင်းသို့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းဝင်လာစဉ် အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သားများသည် အနက်ရောင်အရပ်ဝတ်များ ဝတ်ဆင်ထားပြီး ဖုန်းအသုံးပြုနေသည့် အသက် ၂၀ကျော်အရွယ် အဆိုပါအမျိုးသမီးနှင့် ၎င်း၏ မိဘနှစ်ဦးဖြစ်သူတို့ကို စစ်ဆေးဖမ်းဆီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးကာ ဖခင်ဖြစ်သူ ဦးစုကမ်းနှင့် သမီးဖြစ်သူတို့ကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။

“လောင်းလုံးမှာလို့တော့ ကြားရတယ်။ ဘယ်မှာ စစ်ဆေးနေတာလဲဆိုတာကိုတော့ မသိသေးဘူး” ဟု သဗျာရွာသား တစ်ဦးက ပြောသည်။

လောင်းလုံးအခြေစိုက်တပ် ခလရ (၁၀၄) က စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ထားဝယ်-လောင်းလုံး လမ်းမကြီး၏ အနောက်ဘက် တောကြောင်း‌တစ်လျှောက် နယ်မြေရှင်းလင်းနေကြောင်း ဒေသခံအချို့က ဆိုသည်။

နိုဝင်ဘာလ ၂ရက်နေ့က အဆိုပါစစ်ကောင်စီတပ်သည် သဗျာရွာသို့ရောက်လာပြီး နယ်မြေရှင်လင်းသည့် လမ်းကြောင်းတစ်လျှောက်တွင်လည်း ဒေသခံအမျိုးသား ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး‌ နောက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။