မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ဘဲမတီရွာ မြို့ရှောင်လမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ရာသက်ပန် နာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပပြင်ရွာဘက်မှလာသည့် မော်တော်ဆိုင်ကယ်နှင့် အလယ်ချောင်းရွာဘက်မှလာသည့် မော်တော် ဆိုင်ကယ်တို့ ဘဲမတီရွာ၏ မြိတ်မြို့ရှောင်လမ်းမပေါ်တွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း အဆိုပါအသင်းတာဝန်ရှိသူက ပြောသည်။
သမုတ်ရွာသား ဆိုင်ကယ်မောင်းသူ အသက် ၃၈နှစ်အရွယ် ကိုဇော်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးပြီး ဆိုင်ကယ်မောင်းသူ နောက်တစ်ဦးမှာလည်း ဒဏ်ရာရကြောင်း အဆိုပါအသင်းထံမှ သိရသည်။
“(တိုက်တဲ့) အရှိန်က တော်တော်ပြင်းတယ်။ သေဆုံးသူက ပေါင်ရင်း ကြေသွားတယ်။ ဆိုင်ကယ်နှစ်စီးစလုံးလည်း လုံးဝ ပျက်စီးသွားတယ်” ဟု အထက်ပါ အသင်းတာဝန်ရှိသူက ပြောသည်။
ဒဏ်ရာရသည့် အမျိုးသားကို အခြားလူနာတင်ယာဉ်ဖြင့်သယ်ယူပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ရာသက်ပန် အသင်း၏ လူနာတင်ယာဉ်ဖြင့် မြိတ်မြို့ရှိ အမှတ် (၅) ကုတင် ၁၀၀ ဆေးရုံသို့ ကနဦး ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ညနေပိုင်းတွင် သေဆုံးသူ၏ ဇာတိဖြစ်သည့် သမုတ်ရွာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
ရာသက်ပန်အသင်း၏ မှတ်တမ်းအရ မြိတ်မြို့နယ်တွင် စက်တင်ဘာလကစပြီး ယနေ့ အောက်တိုဘာလ ၃ရက် အထိ မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ လေးဦးထက်မနည်းရှိကြောင်း သိရသည်။
Photo – ရာသက်ပန် နာရေးနှင့်လူမှုကူညီရေးအသင်း (မြိတ်)