BREAKING
January 12, 2025

ထားဝယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ချထားပြီးမှ သန်းခေါင်စာရင်းကောက်

October 3, 2024

ထားဝယ်မြို့တွင် သန်း‌ခေါင်စာရင်းကောက်ယူမှုကို စတင်လုပ်ဆောင်နေရာတွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်အဝယူပြီးမှသာ လုပ်ဆောင်နေကြောင်း မြို့ခံအချို့က ပြောသည်။

သန်းခေါင်စာရင်းကောက်မည့်ရပ်ကွက်သို့ ဝင်ရောက်နိုင်မည့် လမ်းများအားလုံးနှင့် လမ်းသွယ်၊ လမ်းကြားများအားလုံးကို စစ်ကောင်စီတပ်က ကြိုတင်လုံခြုံရေးယူထားပြီးမှ ကောက်ခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံအချို့က ပြောသည်။

“ရပ်ကွက်ထဲကို ဝင်မယ့်လမ်းတွေအကုန် ပိတ်ချပြီး လုံခြုံရေးချထားလိုက်တယ်။ လမ်းကြို၊ လမ်းကြားပါမကျန် အားလုံး အစောင့်တွေချပြီးမှကောက်တာ” ဟု သန်းခေါင်စာရင်းကောက်ယူပြီးသည့် ရပ်ကွက်တစ်ခုက ‌မြို့ခံတစ်ဦးကဆိုသည်။

သန်းခေါင်စာရင်းကောက်ရာတွင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။

သန်း‌ခေါင်စာရင်းကောက်ယူမည့် ရပ်ကွက်ကို ကြိုတင်ပြီး အသံချဲ့စက်ဖြင့် လိုက်လံကြေညာထားကြောင်း၊ ယင်းနောက် စာရင်းကောက်မည့်အဖွဲ့ မရောက်မီကတည်းက စစ်ကောင်စီတပ်ဖွဲ့က အဆိုပါရပ်ကွက်ကို လုံခြုံရေးတင်းကြပ်ထားလိုက်ပြီး အဝင်၊ အထွက်လမ်းများ ပိတ်ထားလိုက်သည်ဟု ဒေသခံများကဆိုသည်။

ရပ်ကွက်ထဲစာရင်းလိုက်ကောက်သည့် အဖွဲ့များကိုမူ ရဲယူနီဖောင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူတို့က အနီးကပ်လုံခြုံရေးယူပေးထားကြောင်း ၎င်းတို့ကပြောဆိုကြသည်။

စားရင်းကောက်အဖွဲ့ထဲတွင် မျက်နှာမဖော်ချင်သူတို့ကမူ တစ်ခါသုံးနှာခေါင်းစည်းနှင့် ဦးထုပ်ကို ဝတ်ဆင်ကာ မျက်နှာ ဖုံးအုပ်ထားကြကြောင်းဆိုသည်။

“မေးတဲ့မေးခွန်းတွေမှာတော့ နိုင်ငံခြားသွားတဲ့သူအကြောင်းဆိုရင် ဘယ်အချိန်ကသွားတယ်၊ ဘာကြောင့်သွားတယ် အဲလိုမျိူးအသေးစိတ်မေးတယ်” ဟု သန်းခေါင်စာရင်းမေးခွန်းများ ဖြေကြားခဲ့ရသည့် မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။

ရပ်ကွက်အားလုံခြုံရေးတင်းကြပ်ထားသည့်အပြင် မြို့ထဲရှိ လမ်းဆုံ၊ လမ်းခွများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခင်ထက်အင်အားတိုးမြှင့်ချထားပြီး ကင်းလှည့်ကားတို့ဖြင့်လည်း မြို့လုံးအနှံ့လှည့်ပတ်နေကြောင်း မြို့ခံတို့ကဆိုသည်။

မြို့အဝင်စစ်ဆေးရေးဂိတ်တွင်လည်း နံနက်ပိုင်း မြို့ထဲဝင်မည့်သူများကို အရင်ကထက် အနည်းငယ် အစစ်အဆေး တင်းကြပ်ထားသည်ကို ကြုံတွေ့ရကြောင်း ထားဝယ်မြို့ကို သွားရောက်ခဲ့သူတို့ကဆိုသည်။

စစ်ကောင်စီက သန်းခေါင်စာရင်း စတင်ကောက်သည့်နေ့မှစပြီး မြို့ခံတို့အကြား စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေသည်ဟုလည်း ပြောဆိုမှုများရှိနေသည်။

“အိမ်က ကလေးတွေဆို ဘယ်နေ့လာကောက်မှာလည်း အဲလိုခဏခဏမေးတယ်။ ကလေးတွေကိုပါမေးမယ်လို့ပါတော့ သူတို့ကြောက်ပြီး အဲလိုခဏခဏမေးနေတာ” ဟု မြို့သစ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်လည်း ထားဝယ်မြို့ကဲ့သို့ပင် သန်းခေါင်စာရင်းကောက်မည့် ရပ်ကွက်ကို အဓိက လုံခြုံရေးတင်းကြပ်ပြီး တစ်ရပ်ကွက်ပြီး၊ တစ်ရပ်ကွက် လိုက်လံကောက်ခံနေသည်ဟု ဒေသခံတို့က ပြောသည်။

ကလိန်အောင်မြို့တွင်မူ အဓိကလမ်းမကြီးများပေါ်တွင်သာ လုံခြုံရေးချထားပြီး ရပ်ကွက်များအတွင်း လုံခြုံရေးမရှိကြောင်း ပြောဆိုကြသည်။

ကလိန်အောင်မြို့တွင် ရပ်ကွက်သုံးရပ်ကွက်စလုံး သန်းခေါင်းစာရင်းကောက်ပြီးသွားပြီဖြစ်သည်။

စစ်ကောင်စီက သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။