BREAKING
January 11, 2025

တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

October 3, 2024

ပုံစာ - ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု‌ကြောင့် ထိခိုက်ပျက်စီးသွားသည့် အနောက်မော်တုန်းရွာ စာသင်ကျောင်းအား တွေ့ရစဉ်။

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂ရက်နေ့ ညနေ ၅နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ရာ စာသင်ကျောင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အနောက်မော်တုန်း စာသင်ကျောင်းနှင့် ပေ ၂၀၀ ခန့်အကွာရှိ နေအိမ်အရှေ့ ပုခက်တွင် ကစားနေသည့် ကလေးငယ်၏ ဦးခေါင်းကို ဗုံးစထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးကြောင်း အနောက်မော်တုန်း ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“စာသင်ကျောင်းနဲ့ နေအိမ်ကြားကို ကျသွားတဲ့ ဗုံးသီးက အိမ်ရှေ့ ပုခက်မှာ ကလေး ၅ယောက် ကစားနေကြတဲ့အထဲ ဒီကလေးမလေး တစ်ယောက်ရဲ့ ဦးခေါင်းကို လက်နက်ကြီးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရသွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဒဏ်ရာကြောင့်ပင် အောက်တိုဘာလ ၂ရက် ည ၈နာရီခန့်တွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို အရှေ့မော်တုန်းအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဗုံးချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးသွားပြီး သေဆုံးသွားသည့် ကလေးငယ်၏ နေအိမ်လည်း ပျက်စီးသွားကြောင်း အနောက်မော်တုန်းရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို ပြည်သူထိခိုက်သေဆုံးသည့်အပေါ် စစ်ကောင်စီတပ်က မေးမြန်းစုံစမ်းခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

“တာဝန်ယူမှုလည်း မရှိသလို ပြည်သူတွေကို ကြောက်အောင်လုပ်တာမျိုးလို့ မြင်တယ်” ဟု အဆိုပါ အမျိုးသားက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းမှစကာ စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု များကို ဆက်တိုက်လုပ်ဆောင်လာပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေသည်။

မော်တုန်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။