BREAKING
January 12, 2025

ရေဖြူ၊ ဖောင်းတောရွာတွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို ဂိတ်စောင့်ခိုင်း

October 3, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် ဖွင့်ထားသည့် မောရဝတီရေတပ်၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို စက်တင်ဘာလ နောက်ဆုံးအပတ်ကစ၍ ဂိတ်စောင့်ခိုင်းထားကြောင်း ရွာသားများနှင့် ကားသမားများထံမှ သိရသည်။

သင်တန်းဆင်းလာသော ပြည်သူ့စစ်များမှာ အသက် ၂၀ ဝန်းကျင်မှ အသက် ၅၀ ကျော်အထိ ပါဝင်ပြီး အမျိုးသားများအပြင် အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း ဂိတ်ကိုဖြတ်သန်းသွားလာသည့် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းသင်တန်းဆင်းများတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ဒေသခံရွာသားအနည်းငယ်၊ ဖောင်းတောရွာနှင့် ဓမင်းဆိပ်ရွာတို့တွင် လာရောက်အခြေချနေထိုင်သည့် အခြားဒေသခံအများစုပါဝင်ကြောင်း ရွာသားများက ပြောဆိုသည်။

သြဂုတ်လ ၂၀ရက်က ဖောင်းတောရွာ စာသင်ကျောင်းပြန်ဖွင့်ရန်အတွက် လုံခြုံရေးစီစဥ်ရမည်ဟု မောရဝတီရေတပ်က အစည်းအဝေးပြုလုပ်ပြီးနောက် တစ်လကျော်အကြာ စက်တင်ဘာလ ၂၉ ရက်တွင် ပြည်သူ့စစ်သင်တန်းဆင်းများ ရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရွာသားများပြောသည်။

သို့သော် ဖောင်းတောရွာ စာသင်ကျောင်းကိုမူ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပြည်သူ့စစ်သင်တန်းဆင်းများကို မော်ကြီးရွာဂိတ်တွင် နေရာချထားကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါပြည်သူ့စစ်များကို သင်္ကန်းတောရွာရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းပေးပြီး မောရဝတီရေတပ်က လက်နက်တပ်ဆင်ပေးထားကြောင်း စုံစမ်းသိရှိရသည်။

“ဂိတ်မှာသူတို့ (ပြည်သူ့စစ်) စောင့်နေတော့ ရွာသားအချင်းချင်း အကြောင်းသိ ဓာတ်သိဖြစ်နေတယ်။ သာမန် ဖားရှာငါးရှာ သွားတဲ့သူမှာတောင် ပိုက်ဆံတောင်းစားတယ်။ ပြီးတော့ ဒီကျေးရွာအုပ်စု (ဖောင်းတော) မှာ ပြဿနာတစ်ခုခုတက်ရင် ဂိတ်မှာပဲ ဖမ်းပြီး စစ်မေးတယ်။ အဲဒီဂိတ်က အာဏာအရှိဆုံးဖြစ်နေတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

မော်ကြီးရွာ စစ်ကောင်စီဂိတ်ကို ယခုနှစ် ဇွန်လအတွင်း၌ မောရဝတီရေတပ်က ကံပေါက်ရွာမှ ဇာဒီရွာသို့ သွားသည့် လမ်းကြောင်းကို စစ်ဆေးတင်းကျပ်လို၍ လာရောက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

စစ်ကောင်စီက သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပြီးနောက်မှာ ဒေသခံကို သင်တန်းပေးပြီး လုံခြုံရေးဂိတ်များ အသုံးပြုလာခြင်းဖြစ်သည်။