BREAKING
January 23, 2025

ကုလအထွေထွေ အတွင်းရေးမှူးချုပ်ကို အစ္စရေး ပြည်ဝင်ခွင့်ပိတ်

October 3, 2024

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို သံအဖွဲ့ဝင်အဖြစ် ဆက်လက်အသိအမှတ်မပြု(persona non grata)ဟု ကြေညာခဲ့ပြီး နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချရန် ပျက်ကွက်ခဲ့သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ဗုဒ္ဓဟူးနေ့က စွပ်စွဲပြောဆိုခဲ့သည်။

“ကမ္ဘာ့နိုင်ငံအားလုံးနီးပါးက ရှုတ်ချကြတဲ့ အီရန်ရဲ့ အစ္စရေးအပေါ် ယုတ်မာတဲ့ တိုက်ခိုက်မှုကို ရှုတ်ချဖို့ ပျက်ကွက်တဲ့ ဘယ်သူမဆို အစ္စရေးမြေပေါ် နင်းဖို့ မထိုက်တန်ဘူး” ဟု ၎င်းက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

“အန်တိုနီယိုဂူတာရက်စ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အစ္စရေးက သူ့နိုင်ငံသားတွေကို ဆက်လက်ကာကွယ်သွားမယ်။ သူ့ရဲ့ အမျိုးသားဂုဏ်သိက္ခာကို ရှေ့ဆက်ထိန်းသိမ်းသွားမယ်” ဟု ၎င်းက ပြောသည်။

အန်တိုနီယိုဂူတာရက်စ်သည် “အကြမ်းဖက်သမားများ ၊ မုဒိမ်းကောင်များ ၊ လူသတ်သမားများကို ထောက်ခံအားပေးလျက်ရှိသည်”ဟူ၍လည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကမူ သံတမန်အဖြစ် အသိအမှတ်ပြုမှုရပ်ဆိုင်းသည့် ‘persona non grata’ သဘောတရားသည် ကုလသမဂ္ဂအဖွဲ့ဝင်များနှင့် သက်ဆိုင်မှုမရှိသဖြင့် အသိအမှတ်မပြုကြောင်း ပြောဆိုသည်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ကြေညာချက်တွင် ‘အရှေ့အလယ်ပိုင်းဒေသမှ နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ’ဟုသာ ရည်ညွှန်းပြောဆိုထားသည်။ အရှိန်မြင့်သထက် မြင့်လာသည့် ပဋိပက္ခကို ရှုတ်ချကြောင်း ဖော်ပြထားသည်။ သို့သော် ‘အီရန်နိုင်ငံ’ဟု ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့။

အီရန်၏ အစ္စရေးအပေါ် တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာခင်မှာပင် အဆိုပါ ကြေညာချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ပြောဆိုပြီးနောက်တွင် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

“ကုလသမဂ္ဂဟာ ဂါဇာအရေးမှာ မယုံနိုင်လောက်အောင် အရေးပါတဲ့ အလုပ်ကို လုပ်နေတယ်။ ဒေသတွင်းအရေးကိစ္စတွေမှာ အင်မတန်အရေးပါတဲ့ အလုပ်ကို လုပ်နေတာပါ။ ကုလသမဂ္ဂဟာ သူ့အလုပ်ကို အကောင်းဆုံးစွမ်းဆောင်နေနိုင်တဲ့အချိန်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Matthew Miller က ပြောကြားခဲ့သည်။

လက်ဘနွန်အစိုးရ ၊ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးအကြား တင်းမာမှု မြင့်တက်နေချိန်တွင် အီရန်က အစ္စရေးနိုင်ငံထဲသို့ အင်္ဂါနေ့က ပဲ့ထိန်းဒုံးအလုံး‌‌ရေ ၁၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အီရန်၏ ဒုံးကျည်အများစုကို အစ္စရေးဘက်က ဟန့်တားဖြိုခွင်းနိုင်ခဲ့သော်လည်း အစ္စရေး၏ ဒုံးကာစနစ်ကို ဖောက်ခွင်းဝင်ရောက်သွားခဲ့သည့် ဒုံးကျည်အနည်းငယ်လည်း ရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

အစ္စရေးသည် တစ်နှစ်ပြည့်ခါနီးပြီဖြစ်သည့် ဂါဇာစစ်ပွဲအပေါ် ကုလသမဂ္ဂ၏ ချဉ်းကပ်မှုကို တောက်လျှောက်ဝေဖန်လျက်ရှိသည်။

Ref: The Economic Times, Al Jazeera