ထားဝယ်မြို့၏ အရှေ့မြောက်ဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျေးရွာခြောက်ရွာက ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ပဒိုင်ချောင်း၊ ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပခပ်အင်း၊ ကင်းကုန်း၊ ရေဝိုင်း စသောကျေးရွာများသို့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။
“ဝင်လာတဲ့နေ့ကတော့ ရေဝိုင်းရွာအနီးမှာ ပစ်ခတ်မှုဖြစ်ကြတယ်။ ဒီနေ့ကတော့ ရေဝိုင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ လူတွေကတော့ ထွက်ပြေးလို့ (ရွာမှာမရှိတော့ဘူး) ကုန်ပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဇီးကျရွာအနီးရှိ ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန်လာသည့် အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦးသတ်ဖြတ်ခံရပြီး အကျဉ်းသားငါးဦး လွတ်မြောက်သွား ခဲ့သည်။
အဆိုပါ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို DGRF အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း DGRF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက Dawei Watch ကို အောက်တိုဘာလ ၂ ရက်နေ့က ပြောဆိုထားသည်။
ယင်းသို့ အသတ်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁ ရက်နေ့ကစပြီး မောင်မယ်ရှောင် ရွာသား သုံးဦးကို ဖမ်းဆီးကာ ထားဝယ် အရှေ့မြောက်ဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်နေ့က ရေဝိုင်း၊ ရဲအိုင် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ယင်းတိုက်ပွဲတွင် Dawei Guerrilla Revolutionary Force -DGRF (ထားဝယ်-ပကဖ) ၏ တပ်စခန်းငယ်တစ်ခု သိမ်းပိုက်ခံရပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း DGRF အဖွဲ့က အောက်တိုဘာလ ၂ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။