ပုလောမြို့နယ်၊ မြဒေါင်ရွာတွင် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်သုံးဦး ထိခိုက် ဒဏ်ရာရပြီး တစ်ဦးမှာ လက်တစ်ဖက်ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။
အောက်တိုဘာ ၂ ရက် နံနက်က မြဒေါင်ရွာအနီး မိုင်းရှင်းလင်းရေး လာရောက်လုပ်ဆောင်နေစဉ် မတော်တဆ ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“တစ်ယောက်ကတော့ လက်တစ်ဖက်ပြတ်သွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ နည်းနည်းပါးပါး ထိခိုက်သွား တယ်။ မစိုးရိမ်ရဘူးလို့ ပြောတယ်” ဟု မိုင်းထိသူမိသားစုနှင့် ရင်းနှီးသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ ပုလောအခြေစိုက် တောကြီးမြွှေဟောက်တပ်ဖွဲ့မှ ရဲဘော်များဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့က ပြောဆိုသည်။
တောကြီးမြွှေဟောက်အဖွဲ့က အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မိုင်းပေါက်ကွဲသံကြားပြီးနောက် နာရီပိုင်းအတွင်း မြဒေါင်ရွာအနီး တာဝါတိုင်ရှိသည့် တောင်ပေါ်သို့ စစ်ကောင်စီတပ် အင်အား လေးဆယ်ခန့် ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
မြဒေါင်ရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။
စက်တင်ဘာ ၂၈ ရက်ကလည်း ပုလောမြို့နယ် နန်းပရုပ်ရွာနှင့် မြစ်ချဉ်စုရွာတွင် တစ်ရက်တည်း စစ်ကောင်စီတပ် သုံးကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
စစ်ကောင်စီတပ်က လက်ရှိတွင် ပုလောမြို့နယ်အတွင်း အင်အားသုံးကာ ထိုးစစ်ဆင်နေသလို တိုက်ပွဲအတွင်း ရေတပ်စစ်သင်္ဘောက လက်နက်ကြီးပစ်ကူများဖြင့်လည်း တိုက်ခိုက်နေသည်။