BREAKING
September 16, 2024

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် မွန်ရွာအချို့တွင် စတင်လုပ်ဆောင်

September 3, 2024

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ မွန်ရွာအချို့ တွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များကို လူစုခိုင်းနေကြောင်း မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ကို ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းပြီးနောက် ရပ်ကျေးအဆင့်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် မြို့နယ်မှတစ်ဆင့် ဖိအားပေးလုပ်ဆောင်နေခြင်းဟုဆိုသည်။

” စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ကြီးစိုးတဲ့ အာယုတောင်ရွာ ဘက်မှာ လူစုနေတာမျိုးရှိတယ် ။ တောင်ဘုံ နဲ့ တောင်ပြင် ရွာတွေမှာ ဆိုရင် ဦးရေ ခုနစ်ဆယ် နီးပါးစုပေးဖို့ ‌ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ ဖိအားပေးခံရတာမျိုးရှိနေတယ် ။ ကရင်ပြည်နယ်က မွန်ရွာအချို့မှာလည်း အလားတူ ဖိအားပေး လူစုတာတွေ စလုပ်နေတယ် ” ဟု ၎င်း ကပြောပြသည်။

စစ်ကောင်စီ၏ ယင်းလုပ်ဆောင်မှုကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန(MSFC DoD) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ပြည်သူလူထုအနေအဖြင့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအစီအစဉ် ကို ဆန့်ကျင်ရန် နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း ယင်းအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် အသိပေးပြီး ပူးပေါင်းဆောင်ရွက်ပါက အရေးယူမှုပြုလုပ်သွားမည်ဟု သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ဒီအဖွဲ့ဖြစ်မြောက်ရေးအတွက် ကြိုးစားပမ်းစားလုပ်ကိုင်ပေးတဲ့ ဘယ်သူ့ကိုမဆို လုပ်ဆောင်မှုတွေကို လေ့လာစောင့်ကြည့်မယ်၊ ဖော်ထုတ်မယ် ပြီးတော့ အရေးယူသွားမယ် ။ ဒီတော့ ရွေးချယ်စရာလမ်းကအမြဲရှိတယ်။ လုပ်နေတဲ့သူတွေအနေနဲ့ ရှောင်ရင်လည်းရှောင် နားရင်လည်းနားပေါ့ ။ တော်လှန်ရေးအင်အားစုဘက်ကို လာခိုလှုံရင်လည်း ကြိုဆိုပါတယ်” ဟု ရဲဘော်နိုင်နဂါးက ပြောသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကလည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ် အပါအဝင် မွန် နှင့် ကရင် ပြည်နယ်မှ မြို့နယ် ခြောက်ခုရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပူးပေါင်းပါဝင်ပါက အရေးယူမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၉ ရက်က စာထုတ်သတိပေးခဲ့သည်။

သို့သော်တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် လူစုဆောင်းခြင်းမရှိသေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

သို့သော် ယခင်ကတည်းက စစ်ကောင်စီ ၏ ‌မောရဝတီရေတပ် မှ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့များမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့များရှိသည့် ရေဖြူမြို့နယ်မှ ကျေးရွာများတွင် နေထိုင်သည့် ဒေသခံတို့က ပြောသည်။

ယခုနှစ် မတ်လနှင့် ဧပြီလတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ခံနေသည့် ရေးမြို့နယ် ကျုံညဲရွာပြည်သူ့စစ်အဖွဲ့ နှင့် ရေဖြူမြို့နယ် မင်းသားရွာ ပြည်သူ့စစ်စခန်းကုန်းများကို မွန်နှင့် တနင်္သာရီတော်လှန်ရေး အင်အားစုများက စစ်ရေးအရ အရေးယူတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။