BREAKING
October 18, 2024

ဖမ်းဆီး စစ်သားစုဆောင်းခံရသူ စစ်မှုထမ်းတစ်ဦး တနင်္သာရီ ပကဖထံ လာရောက်ပူးပေါင်း

September 3, 2024

ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် စစ်မှုထမ်းတစ်ဦး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ ထံလာ ရောက်ပူးပေါင်းခိုလှုံကြောင်း မြို့နယ်ပကဖက ယနေ့ စက်တင်ဘာလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစစ်မှုထမ်းတပ်သားမှာ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လမ်းခရီးတွင် စစ်ကောင်စီတပ်သား စုဆောင်းရေး ဒုတိယအသုတ်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ဟင်္သာတတွင် စစ်သင်တန်းတက်ရောက်ခဲ့ပြီး ဇူလိုင်လ ၂၆ တွင် စစ်မှုထမ်းသင်တန်းဆင်းခဲ့ပြီးနောက် မြိတ်မြို့နယ် အခြေစိုက် ခလရ (၁၀၁) တပ်ရင်းတွင် တာဝန်ကျတပ်သားအဖြစ် ရှေ့တန်းစေလွှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း ဆိုသည်။

စက်တင်ဘာလ ၁ ရက်တွင် တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ၅၅၆ တပ်ရင်းအနီး စစ်ကြောင်းထိုးလာစဉ် ထွက်ပြေး လွတ်မြောက်လာပြီး တနင်္သာရီမြို့နယ်ပကဖထံ လာရောက်ခိုလှုံပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကောင်စီတပ်သားသုံးဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခိုလှုံလာ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းအတွက် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်ဖြင့် အသုတ်လိုက် အတင်းအကျပ် စစ်သားစုဆောင်းခေါ်ယူခြင်း၊ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်ပိုင်းများကို အဓိက ပစ်မှတ်ထားပြီး လမ်းခရီးတွင် ဖမ်းဆီးခြင်း၊ ဆင့်ခေါ်ခြင်း၊ ပြည်ပထွက်မည့်သူများကို ဖမ်းဆီးခြင်းအပြင် ပြည်ပက ပြန်ပို့ခံရသူများကိုပါ အတင်းအကျပ် စစ်သားစုဆောင်းမှုများလည်း ရှိနေသည်။