BREAKING
September 16, 2024

လမိုင်းမြို့က ယုဇနရွှေဆိုင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ

September 3, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့စျေးတွင် ဖွင့်လှစ်ထားသည့် ယုဇနအာမခံစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း ကျပ်သိန်းထောင်ချီ ပါသွားသည်ဟု နီးစပ်သူနှင့် မြို့ခံတို့ထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၃) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လမိုင်းမြို့ဈေးရှိ ယုဇနအာမခံစိန် ရွှေရတနာဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းရန် ပြင်ဆင်နေချိန် အမျိုးသားလေးဦးက ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။

“ဆိုင်ရှင်က ဆိုင်ကိုရောက်တဲ့အချိန်မှာ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ ဝင်လာတယ်။ အဲမှာ ရွှေတွေကို ပုံးလိုက် ယူပြီး ထွက်သွားတယ်။ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ဆိုင်ကယ်က ရှေ့မှာပဲ ရပ်ထားတယ်။ သူတို့ ဘယ်ကတည်းက ရောက်နေလဲ မသိဘူး” ဟု နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။

လုယက်ခံရမှုကြောင့် နားကပ် အရံ ၄၀၀ နှင့် ၅၀၀ ဝန်းကျင်ခန့်ပါသွားပြီး စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း ငါးထောင်နီးပါးရှိသည်ဟုလည်း နီးစပ်သူက ဆက်ပြောသည်။

အနီးနားရှိ CCTV မှတ်တမ်းအရ သေနတ်သမားတို့က မိုးကာအင်္ကျီဝတ်ထားကာ ဆိုင်ကယ်ဦးထုတ်ဆောင်ထားသည်ကို တွေ့ရပြီး ရွှေများလုယူပြီးနောက် ဆိုင်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်ဖြင့် မောင်းပြေး ထွက်သွားသည်။

သေနတ်သမားတို့မှ သေနတ်ပစ်ဖောက်ခဲ့သော်လည်း ရွှေဆိုင်ပိုင်ရှင်အပါအဝင် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ရွှေထည်ပစ္စည်းလုယက်ခံရမှုနှင့် ပတ်သက်ပြီး ပိုင်ရှင်က သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားထားပြီး သက်ဆိုင်ရာကလည်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ရွှေဆိုင်ဓါးပြတိုက်ခိုက်ခံရသည့် ဖြစ်စဉ်၊ ရွှေဆိုင်ထဲဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ရွှေများလုယူသွားသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။

ရေးမြို့နယ်အတွင်း၌လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဆိုင်လုယက်ခံရသည့် ဖြစ်စဉ် သုံးကြိမ်ထက်မနည်းရှိခဲ့သည့်အပြင် ခိုးမှု၊ လုယက်မှုဖြစ်စဉ် နေ့တိုင်းလိုလိုဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။