BREAKING
September 16, 2024

လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်က ဖြတ်သန်းခွင့်ပြန်ရ

September 3, 2024

ပုံစာ - ကော့သောင်း-ရနောင်းသွားသည့် ပဲ့ချိတ် လှေဆိပ်အားတွေ့ရစဉ်(ပုံဟောင်း)

စစ်မှုထမ်းအသက် အကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားလာခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကော့သောင်းမြို့ခံများထံမှသိရသည်။

ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား မနေ့က ပိတ်ထားရာမှ ယနေ့စက်တင်ဘာလ ၃ရက်တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း ၎င်းတို့က ဆိုသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို ၇ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက စက်တင်ဘာလ ၂ ရက် နံနက်မှ စတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ယင်းနောက် ယနေ့နံနက်မှစကာ စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိ အမျိုးသားများကို ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ပြန်ထုတ်ပေးနေပြီး သွားလာခွင့်ပြုလိုက်ကြောင်း TBP လက်မှတ်အား ယနေ့ သွားလုပ်ခဲ့သူ တစ်ဦးက ဆိုသည်။

“၇ ရက်ကတ်က ပြန်ရနေပါပြီ။ ကျွန်တော်သိထားတာ သူတို့ ၇ ရက်ကတ်ကို ပြန်လုပ်ပေးနေပြီ။ စမတ်ကတ်နဲ့ မှတ်ပုံတင်နဲ့ပဲ။ ကျွန်တော်တော့ ရခဲ့တယ်။ ညနေဝင်ဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။

TBP လက်မှတ်အပြင် Boder Pass (ကော့သောင်းစာအုပ်) ဖြင့် သွားလာသူများကိုလည်း သွားလာခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကော့သောင်းမြို့ရှိ လဝကရုံးသို့ Dawei Watch က ဖုန်းဆက်မေးမြန်းရာ “မသိဘူးနော်အစ်ကို။ ကျွန်မ မနေ့ကလည်း ဖြေပြီးပြီ။ မသိဘူးဆိုတာ” ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

ယမန်နေ့က ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ရနောင်းဘက်သို့ သွားခွင့်ကို မြန်မာဘက်က ပိတ်ခဲ့သည့်အပြင် နိုင်ငံကူး လက်မှတ်စာအုပ်တွင် နှစ်လသက်တမ်းရှိ အလည်ဗီဇာဖြင့် ဝင်ရောက်လာသူများကိုလည်း ထိုင်းနိုင်ငံဘက် က နာရီပိုင်းအကြာ ပိတ်ထားခဲ့ကြောင်း ရနောင်းမြို့ရှိ ထားဝယ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“၇ ရက်ဗီဇာနဲ့ မလေးရှားနဲ့ ဟတ်ရိုင်ကို သွားလို့ရတယ်ဆိုတဲ့သတင်းက ကော့သောင်းနယ်စပ်မှာ တော်တော်လေး နာမည်ကြီးနေတာ။ ဒီလိုနာမည်ကြီးနေတော့ ၇ ရက် ဗီဇာတွေကို ပိတ်ချလိုက်တယ်ပေါ့။ ဒီနေ့တော့ ပုံမှန် ပြန်ဖြစ်သွား ကြပါပြီ” ဟု ၎င်းက ပြောသည်။

ယမန်နေ့က အလည်ဗီဇာဖြင့် ဝင်ရောက်သူများကို ထိုင်းလဝကဘက်က တုံးမထုပေးဘဲ လေးနာရီခန့် ရပ်ဆိုင်းထား ခဲ့ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

ယနေ့ နံနက်တွင်မူ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) နှင့် နိုင်ငံကူး လက်မှတ်အလည်ဗီဇာဖြင့်လာသူ အားလုံးကို ပုံမှန်အတိုင်းဝင်ရောက်ခွင့်ပြုနေကြောင်း ကော့သောင်းဒေသခံများထံမှ သိရသည်။

လူငယ်အမျိုးသားများကို နယ်စပ်ဖြတ်သန်းခွင့် ပိတ်ပင်သည့် အကြောင်းအရင်းနှင့် ယနေ့ ပြန်လည် ခွင့်ပြုသည့် အကြောင်းအရင်းတို့ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။