ထားဝယ်တွင် မျောက်ကျောက်ရောဂါ သံသယလူနာတစ်ဦးတွေ့သဖြင့် ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စောင့်ကြပ်ကုသနေကြောင်း ကျန်းမာရေးအသိုင်းဝိုင်း၊ မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။
သံသယဖြစ်ဖွယ်လူနာမှာ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်သည်။
၎င်းသည် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိကြောင်း လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသမီးမှာ ဩဂုတ်လ ၂၉ ရက်နေ့တွင် စဖျားပြီး လေးရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် မယ်ဒီလမ်းဆေးရုံတွင်ပြသရာ မျောက်ကျောက်ရောဂါသံသယ လက္ခဏာများတွေ့ရှိကြောင်း လူနာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့ကြောင့် မယ်ဒီလမ်းဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆို သည်။
“အခုက (ထားဝယ်) ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာနမှာ ကြပ်မတ်ကုသနေတယ်။ လူနာစောင့်တစ်ယောက်နဲ့ ထားထားတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။
အဆိုပါအမျိုးသမီးမှာ ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။
“အိမ်မှာ မိသားစုဝင်တွေကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေတာကို တွေ့ရတယ်” ဟု မြို့ခံတစ်ဦး စက်တင်ဘာ ၃ ရက် ယနေ့ မွန်းလွဲပိုင်းတွင် Dawei Watch သို့ ပြောဆိုသည်။
မျောက်ကျောက် သံသယလူနာတွေ့ရှိမှုနှင့် ပတ်သက်၍ ထားဝယ်မြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ဆွေဆွေအောင်ထံသို့ ယနေ့ မွန်းလွဲ ၁နာရီခန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းတွင် ဖြေကြားပိုင်ခွင့်မရှိကြောင်း ဖြေကြားသည်။
“တိုင်းဦးစီးပဲ တိုက်ရိုက်မေးပေးပါ။ ကျွန်မ ဖြေခွင့်မရှိလို့ပါ” ဟု ၎င်းက ပြောသည်။
တိုင်းကျန်းမာရေး ဦးစီးမှူးနှင့် အဆက်အသွယ်ရရှိရန် Dawei Watch က ကြိုးပမ်းနေဆဲဖြစ်သည်။
မျောက်ကျောက်ရောဂါကို ဩဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါမှာ တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်ခြင်းနှင့် လူအချင်းချင်းကူစက်ခြင်းဟု နှစ်မျိုးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်အရသိရသည်။
ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ စတင်ဖြစ်ပွားနိုင်သည်။
သံသယဖြစ်ဖွယ် လက္ခဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ် စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင် အနီကွက်များ ထွက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ဖျားခြင်း ၃၈.၅°Cနှင့်အထက်၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနွယ်ခြင်းတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မျောက်ကျောက်ရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များအတိုင်း ထားဝယ်မြို့ပေါ် တွင် လက်ကမ်းစာစောင်ဝေရန် ပြင်ဆင်ထားကြောင်း ထားဝယ်မြို့ ဇမ္ဗူသီရိအရေးပေါ် လူနာ ကူညီ သယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးနိုင်မျိုးသွင်ကပြောသည်။
“ကျွန်တော်တို့ သက်ဆိုင်ရာ ခွင့်ပြုချက်စောင့်နေပါတယ်။ အဖွဲ့သားတွေလည်း အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ထားဝယ်လေဆိပ်၏ ပြည်တွင်းခရီးသည်များ ဆိုက်ရောက်သည့်နေရာတွင်လည်း လွန်ခဲ့သည် သုံးရက်ခန့် ကစပြီး အပူချိန်တိုင်းတာသည်စက်များတပ်ဆင်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံခရီးသွားများက ပြောသည်။