BREAKING
October 18, 2024

ထိုင်းတွင် တနင်္သာရီဒေသခံ ကိုယ်ဝန်သည်နှင့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး အသတ်ခံရ

September 3, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကဲဒေသတွင် တနင်္သာရီတိုင်းသား ကိုယ်ဝန်ဆောင်နှင့် အသက် ၇ နှစ် အရွယ် သမီးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး အသတ်ခံရကြောင်း နီးစပ်သူများက ပြောသည်။

အသတ်ခံရသူများမှာ အသက် ၄၀ အရွယ် ဇနီးမောင်နှံနှစ်ဦးနှင့် အသက် ၇နှစ်အရွယ် သမီးဖြစ်သူများ ဖြစ်ကြသည်။

သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန် ရှစ်လ လွယ်ထားရကြောင်း နီးစပ်သူများက ဆိုသည်။

သေဆုံးသူအမျိုးသားသည် တနင်္သာရီမြို့နယ်၊ သမီးလှရွာ ဇာတိဖြစ်ပြီး ဇနီးသည်မှာ ကျွန်းစုမြို့နယ် သစ်ယာဝရွာ ဇာတိ ဖြစ်ကြသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၉ ရက်ခန့်က သေဆုံးသူမိသားစု၏ နေအိမ်အတွင်း စကားများရန်ဖြစ်သံများ ကျယ်လောင်စွာ ကြားရပြီးနောက် မိသားစုဝင် သုံးဦးစလုံး အသတ်ခံရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

ရုပ်အလောင်းများကို အခင်းဖြစ်ပြီး နှစ်ရက်ခန့်အကြာတွင်မှ တွေ့ရှိခဲ့ကြကြောင်း သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အမျိုးသမီးနဲ့ သမီးအလောင်းကိုကျတော့ အိမ်မှာပဲ တွေ့ရတယ်ပေါ့နော်။ သူ့အမျိုးသားအလောင်းကတော့ သူလုပ်နေတဲ့ ရော်ဘာခြံထဲမှာ တွေ့တာ” ဟု အထက်ပါနီးစပ်သူက ပြောသည်။

အမျိုးသမီးနှင့် ကလေးငယ်၏ အလောင်းများတွင် ဦးခေါင်းဒဏ်ရာများတွေ့ရပြီး အမျိုးသားအလောင်းတွင် လည်ပင်းတွင် ဒဏ်ရာများတွေ့ရကြောင်း ၎င်းက ဆိုသည်။

လူသတ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူနှစ်ဦးသည် အခင်းဖြစ်ပွားပြီးနောက် ချက်ချင်းထွက်ပြေးသွားခဲ့ကြောင်း အသတ်ခံရသည့် မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

လူသတ်မှုကျူးလွန်သည်ဟု သံသယရှိသူနှစ်ဦးသည် သေဆုံးသူမိသားစုပိုင်ဆိုင်သော ရွှေသုံးကျပ်သားနှင့် ဆိုင်ကယ်နှစ်စီး အပြင် ဘတ် ငါးသောင်းကိုလည်း ယူသွားခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။

ဘတ်ငွေ ငါးသောင်းသည် အလုပ်ရှင်က သေဆုံးသူအမျိုးသားထံ ပေးထားသော ငွေကြေးဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ပေးအပ်ထားသည်ကိုမူ တိတိကျကျမသိကြောင်း သေဆုံးသည့် မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

သံသယရှိသူနှစ်ဦးသည် သေဆုံးသူများနှင့် အတူတူနေသူများဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားကြပြီး လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။