BREAKING
November 25, 2024

လောင်းလုံး ပြင်ကြီးရွာတွင် စစ်ကောင်စီတပ် အိမ်မီးရှို့ပြီး ဆိုင်ကယ်အစီးရေများစွာယူသွား

September 3, 2024

လောင်လုံးမြို့နယ်၊ ပြင်ကြီးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ပြီး ရွာသားများ ပိုင်ဆိုင်သည့်မော်တော်ဆိုင်ကယ် အစီးပေါင်းများစွာကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂ ရက် ယမန်နေ့ ညနေ ၆ နာရီခန့်က ပြင်ကြီးရွာတွင် နေအိမ်နှစ်ဆောင်ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

“အခုတော့ မိုးရွာလို့ ငြိမ်းသွားပြီ။ အခုနားကဆို မီးလုံးကြီးတွေ တက်နေတာမြင်ရတယ်” ဟု စက်တင်ဘာလ ၂ ရက် မနေ့ ညနေက မီးရှို့ထားသည်အခြေနေကို မြင်ရသည့် ဒေသခံတစ်ဦးက ယင်းနေ့ ည ၇နာရီဝန်းကျင်တွင် Dawei Watch သို့ ပြောသည်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ပြင်ကြီးရွာပင်လယ်ကမ်းခြေဘက်တွင် နေအိမ်တစ်ဆောင်ကို မီးရှို့ခဲ့သေးသည့်အပြင် စစ်ဘေးရှောင်ရွာသားများ၏ နေအိမ်များစွာကို ဖောက်ထွင်းကာ စားသုံးကုန်နှင့် တန်ဖိုးကြီး မော်တော်ဆိုင်ကယ် အစီးပေါင်းများစွာကိုလည်း ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မြေတင်ကားနဲ့ တာလပတ်အုပ်ထားတယ်။ နောက်ကပွင့်နေတော့ ကျွန်တော် ချောင်းကြည့်လိုက်တယ်။ ဆိုင်ကယ်တွေ ဖြစ်နေတယ်။ ကျွန်တော်မြင်နေရတာ ဒီလိုသယ်နေတာ သုံးခေါက်လောက်ရှိနေပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကြောင်းဝင်နေသောကြောင့် ဩဂုတ်လ ၃၀ ရက်နေ့က မျှော်ရစ်အနောက်ကမ်းတွင် ဆိုင်ကယ်ထားပြီး ငါးဖမ်းလှေငယ်ဖြင့် တိမ်းရှောင်ခဲ့သည့် ဒေသခံများ၏ မော်တော်ဆိုင်ကယ်များကိုလည်း ယူဆောင်သွားကြောင်း ဆိုင်ကယ်အသိမ်းခံရသည့် ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်က ဆိုင်ကယ်လည်းပါသွားတယ်။ စိတ်ညစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် တန်ဖိုးကြီးမော်တော်ဆိုင်ကယ်များကို ယူဆောင်သွားသည့်အပြင် စားသောက်ကုန်များဖြစ်သည့် ဆန် နှင့် ဆီပုံးများကိုလည်းယူဆောင်သွားသလို ငါးဖမ်းလုပ်ငန်းသုံး စက်သုံးဆီပုံးများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး ၊ ကရင်ကြီးရွာ အနီးအနား တစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့ ယနေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်သည် ပြင်ကြီးရွာအနီးဝန်းကျင်တွင် ယာယီတပ်စွဲထား သောကြောင့် ကျောက်ဆင်ကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။