BREAKING
September 16, 2024

ဖူးခက်က နာမည်ကျော် Big Buddha ဘုရားကြီး ဝင်ခွင့်ပိတ်

September 3, 2024

ထားဝယ်ဒေသခံများအပါအဝင် လူ ၁၃ ဦးအထိ သေဆုံးခဲ့သော ဖူးခက်မြေပြိုမှုဖြစ်ပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၂) မှစ၍ Big Buddha ဘုရားကြီးဝင်ရောက်ဖူးမျှော်ခွင့်ကို ပိတ်ထားရန် ညွှန်ကြားထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Big Buddha ဘုရားကြီးအနောက်ဘက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်မြေပြိုမှုများ ထပ်ဖြစ်မလာစေရေးအတွက် ဘုရားကြီးကို ပိတ်ထားရန် ဖူးခက်တော်ဝင်သစ်တောဌာနက ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

မြေပြိုမှုနှင့် ပတ်သက်၍ Big Buddha ဘုရားကြီးဝန်းကို ကွင်းဆင်းစစ်ဆေးစဉ် ဘုရားကြီးခြံဝန်းကို ဧရိယာ ၂ ဒသမ ၄ ဟက်တာ (၆ ဧကခန့်) ပေါ်တွင် တည်ဆောက်ခွင့်ပြုထားသော်လည်း သတ်မှတ်နယ်မြေပမာဏထက် ကျော်လွန်နေပြီး ဧရိယာ ၃ ဒသမ ၂ ဟက်တာ (၈ ဧကခန့်) အထိရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သစ်တောညွှန်ကြားရေးမှူးက ဆိုသည်။

ပိုနေသော ၂ ဧကခန့်ထဲတွင် ဘုရားကြီး၏ ကားပါကင်နေရာအပါအဝင် အခြားအဆောက်အအုံများ ဆောက်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။

လက်ရှိတွင် နယ်မြေကျော်ပြီးဆောက်လုပ်ထားသော ဘုရားကြီးဝင်းထဲရှိ အဆောက်အဦး ၆ ခုကို သစ်တောဌာနက သိမ်းဆည်းခဲ့ပြီး ဂေါပကအဖွဲ့ကိုလည်း ရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သစ်တောညွှန်ကြားရေးမှူး Sorasak Rananan က ပြောသည်။

သိမ်းယူထားသော ၂ ဧကပေါ်ရှိ အဆောက်အအုံနေရာများတွင်လည်း ပိတ်သိမ်းကြောင်း သတ်မှတ်လက္ခဏာများကို စိုက်ထူထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

Big Buddha ဘုရားကြီးဝန်းကျင်တွင် လတ်တလောနယ်မြေစိုစွတ်နေမှုကြောင့် နောက်ထပ် မြေပြိုမှုများ ထပ်ဖြစ်လာနိုင်သဖြင့် စိုးရိမ်မိကြောင်း ၎င်းက ပြောကြားထားသည်။

ထို့ကြောင့် Big Buddha ဘုရားကြီးကို ပိတ်ထားပေးရန် သစ်တောဌာနက ဖူးခက်ဗုဒ္ဓဘာသာရုံးသို့ တောင်းဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် လာရောက်လည်ပတ်သူများကို ဘုရားကြီးနှင့် နီးနီးကပ်ကပ် သွားရောက်ဖူးမျှော်မည့်အစား အောက်ကနေသာ ဖူးမျှော်ကန်တော့ကြရန် သစ်တောဌာနက တောင်းဆိုထားသည်။

ယင်းအပြင်ဘုရားကြီးဝန်းကျင်တွင်လည်း မိုးကြီးနိုင်သည်ဟု မိုးလေဝသဘက်က ထပ်မံသတိပေးထားကြောင်း ဖော်ပြထားသည်။

ဖူးခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကတရပ်ကွက်ရှိ Big Buddha ဘုရားကြီးတည်ဆောက်ထားသော တောင်ကုန်း အနောက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုသည် Big Buddha ဘုရားကြီးတည်ထားရန်အတွက် သစ်ပင်များကို ခုတ်လှဲထားခြင်းကြောင့်ဖြစ်ကြောင်း သစ်တောဌာနက ပြောကြားထားသည်။

Ref: Bangkok Post