စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး ပြည်သူလူထုမှာလည်း အထွေထွေ အကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။
စီးပွားရေး လုပ်ငန်းအများစု ရပ်တန့်သွားကြသလို မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းသွားပြီး ဝင်ငွေနည်း ပြည်သူများမှာ အဆမတန်မြင့်တက်သွားသည့် ကုန်စည်စျေးနှုန်းကြောင့် စားရေးအခက်အခဲ များစွာကြုံတွေ့ နေကြရသည်။
ယင်းအပြင် ပဋိပက္ခဒေသများတွင် နေထိုင်သူများမှာ အိုးအိမ်စွန့်ကာ အသက်ဘေးအတွက် စစ်ဘေးရှောင်ကြရပြန်သည်။
ပြည်သူလူထုမှာတော့ ဆိုးရွားလွန်းသည့် ခေတ်အခြေအနေကို အားတင်းဖြတ်ကျော်နေကြသည်။
ယင်းအခြေအနေကို မည်သို့သော စိတ်ခွန်အား၊ ယုံကြည်ချက်ဖြင့် ဖြတ်သန်းနေကြသည်ကို သိရှိနိုင်ရန်အတွက် မတူညီသော နယ်ပယ်များတွင် ဖြတ်သန်းနေကြသူများကို တွေ့ဆုံမေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။
“အခက်အခဲပေါင်းစုံရှိပေမယ့် လူသားတွေရဲ့ မျက်နှာကိုကြည့်ပြီးပဲ ရပ်တည်နေတာပါ”
အရေးပေါ်လူနာတင်ယာဉ် အသင်းခေါင်းဆောင်တစ်ဦး
DW ။ လက်ရှိပရဟိတ အသင်းတစ်သင်းကို ဘယ်လို့စိတ်ဓာတ်ခွန်အားတွေနဲ့ ရှေ့ဆက်နေလဲ။
ဖြေ ။ ခက်ခဲမျိုးစုံနဲ့ကြုံတွေ့နေတာချည်းပဲ။ တစ်နိုင်ငံလုံးပေါ့။ ဘာဖြစ်လို့ဆက်လက် လည်ပတ်နေရသလဲဆိုရင် ကျွန်တော်တို့ဒေသမှာက ရပ်နားလိုက်တဲ့အသင်းတွေ တော်တော်များသွားပြီ။ သူများတွေက နားလို့မရဘူးလားလို့ မေးလာတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မနားဘူး။ ဘာကြောင့်လဲဆိုရင် စေတနာရှင်တွေ ထောက်ပံ့ပေးရတဲ့ ရည်ရွယ်ချက် မပျက်စီးရအောင် နောက်ပြီး အငှားကားစီးပြီး ဆေးရုံမသွားနိုင်တဲ့ ပြည်သူတွေအတွက် ဦးစားပေးပြီး ကူညီဆောင်ရွက်ပေးနိုင်အောင် အခုချိန်ထိ ရပ်တည်လှုပ်ရှားပေးနေသေးတာပါ။
DW ။ အခက်အခဲကဘာတွေလဲ။
ဖြေ ။ ဘဏ္ဍာရေးပေါ့ ကျွန်တော်တို့နည်းတူ သူများလည်း အတူတူပါပဲ။ ခုချိန်မှာ တစ်သင်းမှ အဆင်ပြေမနေဘူး။ လူနာတစ်ယောက်ကို ဆေးရုံပို့လိုက်ရင် အနည်းအများမတူ စေတနာနဲ့ တုံ့ပြန်တာရှိတယ်။ အဲဒါတွေနဲ့ပဲ အဓိကသွားနေရတယ်။ တုံ့ပြန်တဲ့သူရှိသလို မတုံ့ပြန်တဲ့သူလည်းရှိတယ်။ ဒါကတော့မျှော်လင့်လို့မရပါဘူး။ အသင်းဘတ်ဂျက် လုံလောက်တဲ့ လတွေရှိသလို ပြတ်တောက်သွားတဲ့ လတွေလည်းရှိတယ်။ လူနာတစ်ယောက်ဆေးရုံပို့တာ အခုစရိတ်၊ ဆီဖိုးနဲ့စာရင် မကာမိဘူးပြောရရင်။
ခုချိန်နေမှာရုံးကနေ ကားတစ်စီးထွက်ရင် အန္တရာယ်အရမ်းများတယ်။ ပရဟိတအသင်းတွေအပေါ် အမြဲတမ်း စောင့်ကြည့်နေတာခံနေရတယ်။ ပရဟိတသမားတွေ ဘယ်သူတွေနဲ့ ဆက်သွယ်လဲ ပြောလဲဆိုတာ မြဲတမ်းစောင့်ကြည့်ခံနေရတယ်။ စစ်ဆေးရေးဂိတ်တွေမှာဆို အမြဲတမ်းရစ်ခံနေရတယ်။ အရေးပေါ်ပို့ဆောင်လာတဲ့ လူနာတိုင်းကို သူတို့က အမြဲတမ်းသံသယရှိနေတယ်။ ဒီလူနာ ဘယ်လိုလူနာမျိုးလဲဆိုတာကို။
ကိုယ်ကတော့လုပ်သင့်လုပ်ထိုက်တယ်လို့ ခံယူချက်နဲ့လုပ်နေတဲ့အတွက် ဖြေရှင်းရတယ်။ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်တာလည်းခံရတယ်။ သေနတ်နားထင်တေ့ပြီး ခြိမ်းခြောက်တာမျိုးထိခံရတယ်။
အဲဒီလိုမျိုးခြိမ်းခြောက်တာတွေရှိတဲ့အတွက် အခုနောက်ပိုင်းအသင်းဝင်လူငယ်လေးတွေ ကြောက်ပြီးမလိုက်ရဲတာတွေ အထိရှိလာကြတယ်။ အဲဒီအတွက် အရေးပေါ်ခေါ်ရင် အရင်တုန်းကလို ချက်ခြင်းမသွားရောက်နိုင်တဲ့ အနေထားတွေဖြစ်လာတယ်။ ရှိတဲ့အသင်းသားတွေကို လိုက်စုလိုက်ခေါ်နေရတာရှိလာတာကိုး။
DW ။ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိခံနေရတဲ့တာကို ဘယ်လိုတွန်းအားတွေ ဘယ်လိုခံယူချက်တွေနဲ့ ရှေ့ဆက်နေလဲ။
ဖြေ ။ နောက်မှာပေါ့ ကိုယ်ကိုယုံကြည်ပြီး ထောက်ပံ့မှုပေးနေတဲ့ စေတနာရှင်တွေရှိတယ်။ ခက်ခဲပေမယ့်လည်း အဲဒီစေတနာတွေ အလဟဿမဖြစ်ရလေအောင် ကြံကြံခံပြီး ရပ်နေတယ်။ အသင်းတော့မနားဘူး။ အဆိုးဆုံးအခြေနေထိ ရင်ဆိုင်လည်ပတ်မယ်လို့ ခံယူထားတယ်။
ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို ယုံကြည်ပြီး ယုံကြည်ချက်ခိုင်မာသူတွေနဲ့ စုစည်းပြီး လုပ်ကိုင်နေရတယ်။ ရွာကလည်းဆက်လုပ်ပါ အသင်းဝင်ငွေ၊ထွက်ငွေ ပြတ်သွားပြီဆိုရင် ရွာကိုတင်ပြပါ ကူညီပေးမယ်ဆိုတဲ့ တွန်းအားတွေကြောင့်လည်း ကြံ့ကြံ့ခံရပ်တည်နေနိုင်တာဖြစ်တယ်။
နောက်ပြီး ခက်ခဲနေတဲ့ဒေသခံပြည်သူတွေအတွက် အဓိက ရပ်တည်ပေးနေတယ်။ နောက်တစ်ချက်က ညဖက်အခြေနေတွေမှာ နေမကောင်းဖြစ်လာရင် တစ်ဦးချင်း ကျန်းမာရေးကိစ္စတွေမှာ သွားလာရခက်ခဲတာတွေရှိတယ်။ အဲဒီအခက်အခဲတွေကိုလည်းပဲ အရဲစွန့်လုပ်ကိုင်ပေးရတာပေါ့။ အခက်အခဲပေါင်းစုံရှိပေမယ့် လူသားတွေရဲ့ မျက်နှာကိုကြည့်ပြီးပဲ ရပ်တည်နေတာပါ။
ပရဟိတဆို ဘယ်သူမှ လစာပေးထားတာလည်း မဟုတ်ဘူး။ ဖိအားပေးလို့ လုပ်နေရတဲ့အလုပ်လည်း မဟုတ်ဘူး။ အရေးပေါ်ခေါ်လာလို့ ကားထဲမှာ ဆီမရှိရင် ကိုယ်စိုက်ထည့်ပြီး လိုက်ပို့ပေးရတဲ့အခါတွေရှိတယ်။ အဓိက လူ ဆိုတဲ့မျက်နှာကိုပဲ ကြည့်ပြီးလုပ်နေရတယ်။
DW ။ အခြားညီနောင်ပရဟိတအသင်းတွေကိုရော ကိုယ်ရဲ့အခက်ခဲကို မျှဝေပြီး ဘယ်လိုတိုက်တွန်းပေးချင်တာရှိလဲ။
ဖြေ ။ ဖြစ်နိုင်မယ်ဆို အရင်ကလို ညီနောင်အဖွဲ့တွေ ပြန်ပြီးလည်ပတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားစေချင်တယ်။ ဒုက္ခဖြစ်ချင်းတူရင် ကိုယ့်ရပ်ကိုယ့်ဒေသက လူတွေပဲ ဒုက္ခဖြစ်တယ်။ နေမကောင်းလို့အရေးပေါ် ခေါ်လာတဲ့အခါ အကြောင်းကြောင်းကြောင့် လိုက်မပို့ရပေမယ့် အဲဒီလူနာတစ်ခုခုဖြစ်သွားရင် ကိုယ်မကူညီခဲ့ရလို့ ဖြစ်သွားတယ်ဆိုတဲ့အတွေးက နောင်တရစေတယ်။ ဒီလိုအခြေနေမှာ လုပ်ပါဆိုပြီး ယတိပြတ်မပြောရက်ဘူး တက်နိုင်သလောက် ရပ်ထားတဲ့ အရေးပေါ်အဖွဲ့တွေကိုလည်း ပြန်လည်ပတ်စေချင်တယ်။
DW ။ အခက်အခဲအမျိုးမျိုးကြောင့် လူနာအချိန်မီမပို့ရလို့ သေဆုံးခဲ့ရတာရှိလား ရှိရင် အဲဒီအပေါ်မှာ ဘယ်လိုမျိုးခံစားခဲ့ရလဲ။
ဖြေ ။ လောင်းလုံးဘက်မှာ ပစ်ခတ်မှုဖြစ်နေတဲ့အချိန် လူနာခေါ်လာတယ် ။တိုက်ပွဲဖြစ်နေလို့ ကားထွက်မရဘူး။ မနက်ကျမှ လာခေါ်ပေးမယ်လို့ ပြောလိုက်တယ်။ မနက်လည်းကျရော အဲဒီလူနာတော်တော်နုံးနေပြီ။ ဒါနဲ့ဆေးရုံတင်သွားတော့ ဆေးရုံရောက်တာနဲ့ ဆုံးသွားတယ် လူနာက။ ကိုယ့်စိတ်ထဲမှာ ခံစားရတယ်။ ညကသာ အချိန်မီပို့ပေးနိုင်ရင် ဒီလူနာမသေရဘူးပေါ့။ အဲဒီလိုတော့ဖြစ်ခဲ့ရဖူးတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“အားလုံးက ပြိုင်တူတွန်းနေကြတယ်ဆိုတော့ တစ်နေ့ အဆင်ပြေသွားလိမ့်မယ်လို့ပဲ တွေးတယ်”
သရက်ချောင်းမြို့နယ်က အလယ်တန်းပြ CDM ဆရာမတစ်ဦး
DW ။ ဆရာမက CDM ဝင်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။
ဖြေ ။ စားဝတ်နေရေးက အဓိကအခက်အခဲဖြစ်တာပေါ့နော်၊ ဆရာမတို့က မိသားစုနဲ့ဆိုတော့ လစာကိုမှီခိုပြီးနေနေခဲ့ကြရဆိုတော့ စားဝတ်နေရေးအခက်အခဲတွေတော့ အရင်ဆုံးဖြစ်တယ်။ ဆရာမတို့နားမှာ နည်းနည်းနေလို့ ရသေးတယ်ဆိုတော့ ကြုံရာကျပမ်းအလုပ်တွေ လုပ်ရင်းနဲ့ပဲ စားဝတ်နေရေးကို အဆင်ပြေအောင် လုပ်နေရတယ်။
နောက်ပိုင်းမှာ စစ်ဖြစ်ပြီး ပြောင်းပြေးနေရတော့ စစ်ဘေးရှောင်ဖြစ်လာတဲ့အခါမှာ အခက်အခဲက အရင်ကထက် မကဖြစ်လာတာပေါ့၊ အဲ့လိုပဲ စုထားဆောင်းထားခဲ့တာတွေကို ထုခွဲရောင်းချပြီးတော့ စားဝတ်နေရေး ဖြေရှင်းနေရင်းနဲ့ပဲ အခုချိန်မှာတော့ ဘာမှမရှိတော့ဘူး။ လက်ထဲမှာလည်း စုထားဆောင်းထားတာတွေ မရှိတော့ဘူး။
DW ။ CDM လုပ်ဖို့ရော ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ။
ဖြေ ။ အဲ့လိုရွေးချယ်တာက ဆရာမတို့ကတော့ အမှန်တရားဘက်ခြမ်းကို ရပ်တည်ပြီးနေလိုက်တယ်လို့ ပြောရမှာပေါ့။ အဓိကတော့ ပြည်သူတွေဘက်ခြမ်းကနေ အားလုံးကိုစွန့်လွတ်အနစ်နာခံပြီး ရပ်တည်ပေးလိုက်တာပေါ့နော်။
DW ။ အခုလို အခက်အခဲတွေကြုံရတဲ့အခါမှာရော CDM လုပ်ခဲ့တဲ့အပေါ် နောင်တရတာမျိုးရှိလား။ Non CDM ပြန်လုပ်ချင်တာမျိုးရော ဖြစ်လား။
ဖြေ ။ လုံးဝ ကိုမရှိဘူး၊ အဆုံးထိပဲဆို ဆုံးဖြတ်ပြီးမှကို လုပ်ထားတာ၊ ဘယ်လိုပဲ အခက်အခဲတွေကြုံရကြုံရ ရင်စည်းခံမယ်ဆိုပြီးတော့ အဲ့လိုစိတ်က ရှိပြီးသား။ Non CDM ပြန်လုပ်ဖို့လည်း မရှိဘူး။
DW ။ အခုလို ဆုံးဖြတ်ချက်တွေလည်း ပြတ်သားနေတာ၊ နောက်ပြီး ပြေးရင်းလွှားရင်းလည်း အဆင်ပြေသလိုမျိုး နေနေရတဲ့အပေါ်မှာ အခုလို ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ဆရာမကို ဘယ်အရာတွေကများ တွန်းအားဖြစ်စေတာလဲ။
ဖြေ ။ ဘယ်လိုအရာတွေက တွန်းအားပေးလဲဆို အခုဆရာမတို့ မြင်နေရတဲ့ ခလေးတွေ၊ လူအိုတွေ၊ လူနာတွေ ပြည်သူတွေ ဒုက္ခဖြစ်နေရတာကို စိတ်ထဲမှာ ပိုပြီးတော့ခံပြင်းတယ်။ အဲ့ဒီစနစ်ဆိုးကြီးကို လုံးဝ ကို မလိုချင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေပိုပြီးတော့ ခိုင်မာလာတယ်။ အဲ့ဒါနဲ့ပဲ ရင်ဆိုင်ဖြတ်ကျော်နေတယ်။ ယုံကြည်ချက်ကလည်း ဆရာမတို့က အစကတည်းက နိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိပြီးသား။ အခုလို လက်တွေ့ မြေပြင်မှာမြင်နေရတဲ့အချိန်မှာ ပိုပြီးတော့စိတ်ဓာတ်တွေတက်ကြွလာတယ်။ ပိုပြီးတော့ ခိုင်မာလာတယ်။ တော်လှန်ရေးက တော်တော်လေး ခရီးရောက်လာတယ်လို့မြင်တယ်။
DW ။ အခုကရော ဆရာမ ဘာတွေလုပ်ကိုင်စားသောက်နေလဲ။
ဖြေ ။ အခုကလေ ဆရာမ ကြုံရာကျပမ်းအလုပ်တွေလုပ်တယ်။ အလုပ်ရှိတာ လုပ်တာပဲ။ ဟင်းရွက်ဆိုလည်း ဝယ်ရောင်းတာပဲ၊ ပဲပြုတ်လည်း ပြုတ်ရောင်းတာပဲ၊ ငါးလည်းဝယ်ရောင်းတာပဲ၊ အခုစစ်ဘေးရှောင်နေရတဲ့ အချိန်မှာပေါ့နော်၊ ထီလည်းရောင်းတယ်။ အရင်တုန်းက ကျောင်းဆရာမ တစ်ခုပဲ လုပ်တယ်၊ ကျောင်းဆရာမဆိုတာကလည်း အပြင်အလုပ်လုပ်ဖို့လည်း အချိန်မရှိဘူးလေ၊ အခုလုပ်နေတဲ့ အလုပ်တွေကိုလည်း တခါမှ မလုပ်ဖူးပါဘူး။ စဉ်းတောင် မစဉ်းစားခဲ့ဖူးဘူး။
DW ။ အရင်တုန်းက စားဝတ်နေရေးအတွက် ရုန်းကန်ရတာမှန်ပေမယ့် အခုကာလက ပိုပင်ပန်းကြတယ်၊ ပိုပြီးရုန်းကန်ကြရတယ်ပေါ့လေ၊ ဒီအခြေအနေမှာ စိတ်ဓာတ်ကျတာတွေဖြစ်လား။ အဲ့ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်လဲ။
ဖြေ ။ သေနတ်သံတွေကြားက အိမ်ကနေ ထွက်ပြေးလာရတဲ့နောက်ပိုင်း အခက်အခဲတွေကို ကြုံခဲ့ရတာကတော့ ပြောလို့တောင် မကောင်းဘူး။ ဘယ်အချိန်မှ အေးအေးချမ်းချမ်းနဲ့ နေရမလဲဆိုပြီးတော့လည်း စဉ်းစားဖြစ်တယ်။ အေးချမ်းစေချင်တယ်။ မိသားစုစုံစုံလင်လင်နဲ့ အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ပြန်နေချင်တယ်။ ဒါပေမဲ့ မဖြစ်လာဘူးဆိုတော့ ဘဝကိုရုန်းကန်ရမယ်ပေါ့နော်။ အရမ်းကြီး စိတ်ဓာတ်ကျတာတော့ မဖြစ်ဘူး။ တစ်နေ့တော့ အဲ့လိုပြန်ဖြစ်သွားလိမ့်ဆိုတဲ့ ယုံကြည်ချက်နဲ့ မျှော်လင့် ရပ်တည်ပြီးနေနေတာပေါ့နော်။ လုံးဝ စိတ်ဓာတ်ကျတယ်ဆိုတာမျိုးတော့ မရှိဘူး။ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ၊ အားလုံးက အဲ့လို စိတ်ဓာတ်နဲ့ ရုန်းကန်နေကြတယ်။ အားလုံးကို အဲ့ဒီနေရာကို အားလုံးက ပြိုင်တူတွန်းနေကြတယ်ဆိုတော့ တစ်နေ့ အဆင်ပြေသွားလိမ့်မယ်လို့ပဲ တွေးတယ်။
“အမျိုးသမီးတွေအနေနဲ့ လုံခြုံရေးရော အခြားအကြောင်းအရာတွေရောပေါ့ အမျိုးသားတွေထက် ပိုခက်ခဲတာတော့ရှိတယ်”
နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ တာဝန်ခံ မရိုစီ
DW ။ အခုလို ခက်ခဲတဲ့ကာလတွေမှာ သပိတ်လှုပ်ရှားမှုတွေဆောင်ရွက်တဲ့နေရာမှာ ဘာအခက်အခဲတွေရှိပါသလဲ။
ဖြေ ။ အခက်အခဲကတော့အများကြီးပေါ့ရှင်။အဓိကကတော့ အမျိုးသမီးအနေနဲ့ လှုပ်ရှားရတော့ပိုခက်ခဲတာပေါ့ရှင်။ အရင်ကတည်းက အမျိုးသမီးတွေ ဦးဆောင်တယ်ဆိုတာမျိုးဆိုရင် လက်ခံမပေးတာတွေရှိတယ်။ အဓိက ကတော့ အမျိုးသားတွေ အနောက်မှာရှိစေချင်ကြတာပေါ့နော်။ အမျိုးသမီးတွေ အရှေ့ထွက်တဲ့အခါကျရင် သိပ်ပြီးတော့အရေးမပေးဘူးပေါ့။ အခုကတော့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာတော့ နည်းနည်းတော့ ရုန်းကန်ရတာပေါ့ရှင်။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တာတွေ ၊ ခွဲခြားဆက်ဆံခံရတာတွေ ပတ်သက်ပြီး ပြောရတဲ့အခါမျိုးဆိုရင်တော့ ပိုပြီးတော့ကြိုးစားပြီးပြောရတာပေါ့။ အခုတော်လှန်ရေးကာလမှာဆို အမျိုးသမီးတွေအနေနဲ့ လုံခြုံရေးရော အခြားအကြောင်းအရာတွေရောပေါ့ အမျိုးသားတွေထက် ပိုခက်ခဲတာတော့ရှိတယ်။
DW ။ ဒီလိုအခက်အခဲတွေကြားက သပိတ်လှုပ်ရှားမှုတွေ ဆက်လုပ်နေဖို့ တွန်းအားဖြစ်စေတာက ဘာလဲ။
ဖြေ ။ အခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာ လှုပ်ရှားမှုတွေဆက်လုပ်နေဖို့ တွန်းအားဖြစ်စေတာကတော့ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ၊ စစ်အာဏာရှင် ကိုတော်လှန်ရင်း ကျွန်မတို့အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ ပပျောက်စေချင်တာပေါ့။ ဘယ်လိုလုပ်တာက အမျိုးသမီးတွေ အပေါ်အကြမ်းဖက်တာ၊ အလိုမတူဘဲနဲ့လုပ်ဆောင်နေတာမျိုး ရှိနေရင် ဒါက အမျိုးသမီးတွေဖိနှိပ်နေတာ၊ ခွဲခြားဆက်ဆံနေတာ ဆိုတာတွေကို သိခိုင်းစေချင်တာပေါ့နော်။ နောက်ပြီး ကျွန်မတို့အမျိုးသမီးတွေကိုယ်တိုင်လည်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ကဏ္ဍပေါင်းစုံမှာ ကိုယ်နိုင်တဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ပါဝင်နေတာကိုလည်း ပြချင်တာလည်းပါတာပေါ့။ ဒီလိုအကြောင်းအရာတွေ ပတ်သက်ရင် ပိုပြီးတော့လုပ်ချင်ကိုင်ချင်စိတ်လည်းဖြစ်ပါတယ်။
DW ။ ဘာများပြောချင်ပါသေးသလဲ။
ဖြေ ။ ကျွန်မတို့ အမျိုးသမီးတွေမှာ အမျိုးသမီးတွေရှိတယ်ရှင့် ။ တစ်ခုခုအကြမ်းဖက်ခံရတာမျိုးရှိရင် ရင်ဖွင့်ကြပါ။ ကိုယ်ယုံကြည်ရတဲ့လူတွေကို မတရားတာတွေ မတရားကြောင်းထုတ်ပြောကြပါ။ စစ်အာဏာရှင် တော်လှန်ရာမှာလည်း ကျွန်မတို့အမျိုးသမီးတွေ နိုင်တဲ့ကဏ္ဍတွေကနေ ဆက်လက်လက်တွဲ လုပ်ဆောင်သွားကြရအောင်လို့ သတင်းစကားပါးချင်ပါတယ်ရှင်။
DW ။ ကျေးဇူတင်ပါတယ်။
“(တော်လှန်ရေး) ခံယူမှုနဲ့ပဲ ခုနတုန်းက စိတ်ဓာတ်ကျတာတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုတွန်းလှန်ပြီးတော့ ရင်ဆိုင်လာရတယ်”
ရဲမေ ဂျက်မ(ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF))
DW ။ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဓာတ်ကျတာတွေဖြစ်သလား၊ ဘယ်လိုဖြစ်လဲ၊ အဲ့ဒီ အခက်အခဲတွေ စိန်ခေါ်မှုတွေကိုရော ညီမ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဖြတ်ကျော်သလဲ။
ဖြေ ။ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာ စိတ်ဓာတ်တော်တော်ကျတယ်ပေါ့၊ ဒါပေမဲ့ စိတ်ဓာတ်ကျပေမယ့်လည်း အဲ့ဒီကျတဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင် အခုလက်ရှိ ကျွန်မတို့တပ်ဖွဲ့မှာရှိတဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက် ခိုင်မာမှုကလည်း အများကြီး အခရာကျတယ်ဆိုပြောလို့ရတယ်။ ကျွန်မတို့တပ်ဖွဲ့ဝင်ခေါင်းဆောင်တွေက နိုင်ငံရေးရည်မှန်းချက်သည် ကျွန်မတို့ကို သင်ပြညွှန်ပြပေးတဲ့ဟာသည် အများကြီးသက်ဆိုင်တယ်လို့လည်း ပြောလို့ရတယ်ရှင်။
နောက်တစ်ခုက နိုင်ငံရေးရည်မှန်းချက်ကို ကျွန်မတို့ သိရှိနားလည်အောင် ကျွန်မတို့ကို သင်ပြပေးမှုတွေ နောက်တစ်ခုက တော်လှန်ရေးပန်းတိုင်ကို တဖြည်းဖြည်းသိမြင်လာတယ်ပေါ့။ သိမြင်လာပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေသည် လျော့နည်းလာတယ်လို့စိတ်ထဲမှာ ခံစားရတယ်။
ပြီးတော့ ကိုယ်တိုင်မှာလည်း ရည်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်မှန်သမျှ အမြစ်ပြတ်နိုင်ကို နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်းရှိသလိုမျိုး တပ်ဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ထားဝယ်ဒေသလွတ်မြောက်ရေးကို အပြည့်အဝခံယူပြီးတော့ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီးတော့သွားမယ်ဆိုတဲ့ ခံယူမှုကို ထည့်ထားတယ်လို့ပြောလို့ရတယ်ပေါ့ရှင်။
အဲ့ဒီခံယူမှုနဲ့ပဲ ခုနတုန်းက စိတ်ဓာတ်ကျတာတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုတွန်းလှန်ပြီးတော့ ရင်ဆိုင်လာရတယ်ဆိုပြောလို့ရတယ်။
ဘာလို့လဲဆိုတော့ အခု ဦးဆောင်သူ တွဲခေါ်သူခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့စည်းစနစ်တွေသာမရှိရင် ကျွန်မတို့တွေသည် ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးထဲမှာ ရှိနေနိုင်မယ်လို့မထင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေက အရမ်းကိုများပြားတယ်ပေါ့။ အပြင်လောကမှာလို တော်ရုံတန်ရုံစိတ်ဓာတ်နဲ့ဆိုရင် ကျွန်မတို့ ပြိုလဲသွားနိုင်တာ ကြာပြီပေါ့ရှင်။
ခုနကပြောသလိုမျိုး တပ်ဖွဲ့ရဲ့ ခိုင်မာတဲ့ရည်မှန်းချက်ရှိတာက တစ်ပိုင်း၊ ခေါင်းဆောင်တွေရဲ့ ဦးဆောင်လမ်းပြမှုကောင်းတာက တစ်ပိုင်းပေါ့ရှင်။
DW ။ ဘာများထပ်ပြောချင်ပါသလဲ။
ဖြေ ။ အခုဆိုရင် အာဏာသိမ်းတာကြာလာတာနဲ့အမျှ လက်ရှိပြည်သူတွေမှာလည်း အခက်အခဲတွေ အများကြီးကြုံနေရတယ်။ အဲ့ဒီအတွက် ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဖို့ပေါ့နော် ပြောချင်တယ်။
အခု ကျွန်မတို့ သွားနေတဲ့လမ်းကြောင်းကို ယုံယုံကြည်ကြည်နဲ့ပဲ ဘေးကနေပြီး ဝိုင်းဝန်းကူညီဖေးမပေးကြဖို့ ပြည်သူတွေကို တောင်းဆိုချင်တယ်ပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်မတို့သည် ပြည်သူမရှိဘဲနဲ့လည်း ရှေ့ဆက်ပြီးရပ်တည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့။
အဲ့ဒါကြောင့် ပြည်သူသည် ကျွန်မတို့ရဲ့ ကျေးဇူးရှင်ဆိုလည်းပြောလို့ရတယ်။ ပြည်သူသည် ကျွန်မတို့ရဲ့ အားဆေးဆိုလည်း ပြောလို့ရတယ်။ ပြည်သူရှိမှပဲ ဒီတော်လှန်ရေးကို ကျွန်မတို့ နိုင်အောင်တိုက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမပြီးမချင်းကတော့ ပြည်သူတွေကျွန်မတို့နဲ့အတူတူလက်တွဲပြီးတော့ ရပ်တည်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ပါဝင်ပေးကြပါလို့ ကျွန်မအနေနဲ့ အားလုံးကိုယ်စား တောင်းဆိုချင်ပါတယ်။ အားလုံးလည်း ကျန်းမာရေးဂရုစိုက်ကြပါ၊ အခက်အခဲတွေ အကျပ်အတည်းတွေကြုံနေရတဲ့ကြားထဲမှာ အားတင်းပြီးတော့ ကျော်ဖြတ်ပေးကြပါ။ စိတ်ဓာတ်မကျပါနဲ့လို့မှာချင်ပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။