BREAKING
September 19, 2024

ခြိမ်းခြောက်ငွေတောင်းတာ ဘယ်သူတွေလဲ

September 3, 2022

စစ်အာဏာသိမ်းပြီး နောက်ပိုင်းပြည်သူလူထုမှာ မလုံခြုံမှုများစွာ ကြုံတွေ့နေကြရသည်။

တရားဥပဒေ စိုးမိုးမှုလျော့ကျလာခြင်းနှင့်အတူ မသမာသူများက ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်းမှုများလည်း အဖြစ်များလာသည်။

ပြည်သူလူထုမှာလည်း မလုံခြုံမှုများ၊ ပဋိပက္ခများကြားတွင် ရှင်သန်နေရမှုကြောင့် မတရားအနိုင်ကျင့် ခံရသော်လည်း ဥပဒေကြောင်းအရ ပြန်လည်တုန့်ပြန်နိုင်ရန်မှာ ခက်ခဲလှသည်။

ယင်းကြောင့် မသမာသူများမှာ ပိုမိုအတင့်ရဲလာပြီး ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်မှုများကို အချိန်၊နေရာမရွေး လုပ်ဆောင်လာကြသည်။

 မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ဓားပြတိုက်၊ လုယက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာသည့်အပြင် ခြိမ်းခြောက်ငွေတောင်းမှုများပါ ဖြစ်ပွားလာသည်။

PDF ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းမှုများလည်း ရှိလာပြီး မည်သူများက လုပ်ဆောင်နေသည်ဆိုခြင်းကိုမူ သိရန်ခက်ခဲလှသည်။

ခြိမ်းခြောက်ငွေတောင်း ခံရသူများမှာ ကြောက်ရွံ့သဖြင့် မီဒီယာကို ဖြေကြားရန်ပင် မဝံ့မရဲဖြစ်နေကြပြီး အချို့ဆိုပါက ကြောက်ရွံ့ပြီး ဒေသပြောင်းရွှေ့ သွားကြသည်များလည်း ရှိနေသည်။

ခြိမ်းခြောက်ငွေတောင်း ခံရသူများထဲမှ နှစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းနိုင်ခဲ့ပြီး ၎င်းတို့၏ လုံခြုံရေးအရ အချက်အလက်အချို့နှင့် အမည်တို့ကို ချန်လှပ်၍ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ခြိမ်းခြောက်ခံရတော့ စိတ်ဓာတ်တွေ ဘုန်းဘုန်းကျသွားတယ်”

ထားဝယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး

DW။ ဘယ်လိုပုံစံနဲ့ ခြိမ်းခြောက်ခံရတာလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ။ ဖုန်းဆက်ပြီးပြောတာပါ။ ဖုန်းဆက်ပြီးတော့ ပိုက်ဆံ ဆယ်သိန်း(ကျပ်) ပေးဖို့ပြောတယ်။ မပေးရင် အိမ်ကိုရော ဆိုင်ကိုရော ဗုံထောင်ပြီးဖောက်ခွဲပစ်မယ်လို့ ပြောတယ်။ အဲတာက ပထမအကြိမ်တုန်းကပြောတာပါ။ ဒုတိတစ်ခါကျတော့ ဖုန်းထဲကို စာတို (message) ပို့တယ်။ သူတို့တောင်းတဲ့ငွေမပေးရင် ကျည်ဆံပို့ပေးလိုက်ရမလားဆိုပြီး တစ်ခါထပ်ပို့တယ်။

DW။ အဲတော့ ဘာဆက်လုပ်လဲ။ သူတို့တောင်းတဲ့ငွေတွေ ပေးလိုက်ရသေးလား။

ဖြေ။ တစ်ခါကနေ နှစ်ခါဖြစ်လာတော့ ကြောက်လာတာပေါ့နော်။ တကယ်လုပ်လေမလားဆိုပြီး ‌မိသားတစ်စုလုံးပဲကြောက်ကြတယ်။ ကျွန်တော်ကလည်း အလုပ်ကိစ္စနဲ့ သွားနေလာနေရတဲ့သူဆိုတော့ ချောင်းနေချင်လည်း ချောင်းနေမယ်လေ။ ဆွေမျိုးတွေလည်း လိုက်တိုင်ပင်တယ်။ ဆွေးမျိုးရင်းချာတွေထဲကပေါ့။ တခြားသူကိုလည်း တိုင်ပင်လို့မရဲဘူး။ သူများကိုလျှောက်မပြောရဘူးလို့။ ဘာလို့လို့ ဘာကိုင်ရမှန်းတောင်မသိဘူး။ သူတို့တောင်းတဲ့ ပိုက်ဆံမပေးရင် တကယ်လုပ်မှာလည်း ကြောက်တယ်။ ဟိုတိုင်ဒီတိုင်လည်းမလုပ်ချင်ဘူး။ တိုင်ရင်ပိုဆိုးမှာကိုကြောက်တယ်။ အဲလိုတိုင်ပင်နေရင်းနဲ့ နဲနဲကြာသွားတယ်။ သူတို့တောင်းတဲ့ပိုက်ဆံမပေးဖြစ်ဘဲနဲ့။ အဲမှာ နောက်တစ်ခါစာတိုပို့လာတာ။ အခုထိတော့ သူတို့တောင်းတဲ့ပိုက်ဆံမပေးသေးဘူး။

DW။ သူတို့က ဘယ်အဖွဲ့ကလို့ပြောလဲ။

ဖြေ။ ဗိုလ်နဂါးအဖွဲ့ကလို့ပြောတယ်။ ဗိုလ်ကြီး၊ ဗိုလ်ကြီးပဲ အဲလိုခေါ်ခိုင်းတယ်။ ကျွန်တော်က ဆရာဆိုပြီးခေါ်တာကို အဲလိုမခေါ်နဲ့ ဗိုလ်ကြီးဆိုပြီးခေါ်ခိုင်းတယ်။

DW။ ပိုက်ဆံကို ဘယ်လိုပုံစံနဲ့ပေးခိုင်းတာလဲ။ ဘဏ်ကနေလား။

ဖြေ။ ပိုက်ဆံက ဖုန်းထဲကနေလွှဲခိုင်းတယ်။ ဘဏ်ကနေမဟုတ်ဘူး။ ကျွန်တော်က ဖုန်းထဲကနေလွှဲလို့မရဘူး။ ပိုက်ဆံမရှိဘူး အပြင်မှာလာယူဖို့ပြောတယ်။ ဘယ်မှာလာပေးရမလဲ အဲလိုမေးတာ။ သူတို့ကတော့ ဖုန်းထဲပဲလွှဲခိုင်းတာ။

DW။ ခြိမ်းခြောက်တဲ့သူတွေကို ဘယ်သူတွေလို့ခန့်မှန်းလဲ။ ကိုယ့်ကိုယ်ရော လုံခြုံမူရှိတယ်လို့ ခံစားရလား။

ဖြေ။ အဲလိုခြိမ်းခြောက်ခံရတော့ စိတ်ဓာတ်တွေ ဘုန်းဘုန်းကျသွားတယ်။ ဘာမှာလဲလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ စိတ်ထဲမှာ အဲတာပဲ တစ်ချိန်လုံးတွေးနေတာ။ ဘာလုပ်ရင်ကောင်းမလဲ ဆိုတာပဲတွေးနေတာ။ မိသားတစ်စုလုံးပဲကြောက်ကြတာ။ ကျွန်တော်က သူတို့တောင်းတာ ပေးလိုက်ဖို့ပဲစိတ်ကူးတယ်။ ဒါပေမဲ့ တစ်ခါရရင် နောက်တစ်ခါ ထပ်တောင်းနေမှာပဲ ဆိုပြီးတွေးမိတယ်။ ဘယ်သူဆိုတာကတော့ ခန့်မှန်းရခက်တယ်။ ဘယ်သူမဆိုဖြစ်နိုင်‌တာကိုး။

DW။ အခုလိုခြိမ်းခြောက်ငွေညှစ်ခံရတဲ့အပေါ် တခြားဘာများမှတ်ချက်ပြုချင်တာရှိလဲ။

ဖြေ။ သူတို့က လုပ်ငန်းနဲ့ ဆိုင်နဲ့ကနားနဲ့ အလုပ်လုပ်တဲ့သူတွေဆိုရင် ချမ်းသာတဲ့သူလို့ သတ်မှတ်ပြီးတော့ သူတို့တောင်းတာ ပေးမှာပဲလို့ တွက်ထားပုံရတယ်။ ကျန်တဲ့သူတွေဆီလည်း တစ်ခါမဟုတ်တစ်ခါတော့ ခြိမ်းခြောက်လာမယ်ထင်တယ်။ အဲတာကြောင့် ကျွန်တော်ဖြစ်ခဲ့တာကိုပြောပြတာ။ မဖြစ်ခင်ကြိုပြီး သတိထားရအောင်ပါ။

DW။ ကျေးဇူးတင်ပါတယ်။

“ကျွန်တော့ အစ်မကတော့ တောင်းပန်ပြီး ငါးသောင်းလွဲပေးလိုက်တယ်”

ခြိမ်းခြောက် ငွေတောင်းခံရသည့် ရေဖြူမြို့နယ်မှ ဒေသခံတစ်ဦး

DW ။ ခြိမ်းခြောက်အကျပ်ကိုင်ပြီး ငွေတောင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျား။

ဖြေ ။ ဖုန်းနံပါတ်တစ်လုံးနဲ့ မက်ဆေ့ပို့လာတယ် ညီလေး အစ်ကိုတို့အဖွဲ့ကို လိုင်းကြေးပေးပါ မပေးရင်ကျဉ်ဆန်ရမယ်ဆိုပြီး။ PDF အဖွဲ့ကဆိုပြီး ငွေ ငါးသိန်းလွဲပေးရမယ်ဆိုပြီး မလွဲပေးရင် ခင်ဗျားအသက်ကို သတိထားပါ နေအိမ်က အပြင်ထွက်ဖို့ မစဉ်းစားနဲ့ တောထဲကနေပြီး သွားထုတ်ရမှာမို့ မြန်မြန်လွဲပေးလို့ပြောတယ်။ ကိုယ်တိုင်လာ ပေးမယ်လို့လဲပြောရော ကျဉ်ဆန်လိုလားတဲ့ ဖုန်းထဲကပဲလွဲပေးပါတဲ့ အဲလိုပြောတယ်ခင်ဗျား။

DW  ။ သူတို့က PDF လို့ပြောတာ အစ်ကို့အနေနဲ့ရော ဘယ်လိုထင်လဲ။

ဖြေ ။ မထင်ဘူး PDF က တော့ အဲလိုလုပ်မှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျွန်တော်ရွာလမ်း တွေတောင် သိနေတာပဲ။ ကျွန်တော်ကို သိတဲ့သူပဲဖြစ်ရမယ်။ သက်သက်မဲ့ ငွေညစ်တာ စိတ်မကောင်းဘူး။ တော်တော်ဝမ်းနည်းတယ်။ ကျွန်တော်သူငယ်ချင်းတွေ နိုင်ငံခြားကနေပြီး တစ်လ ငါးသောင်းငါးသောင်း လှူနေတာပဲ။ ဒီလို ခြိမ်းခြောက်ပြီး ကောက်ခံတာလည်းမရှိဘူး။ အခုက ဒီနားဒီနားကလူတွေပဲ ထင်တယ် ရွာနားနီး ရွာတွေမှာလည်း ဆေးသမားလိုလိုဘာလိုလို လူတွေက လည်းပေါတယ်။ ဘုန်းကြီးတောင်မနေရဘူး။ သူတို့ ဒီလို ခြိမ်းခြောက်ငွေညစ်နေတာ ကျွန်တော်က နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှလုပ်ထားတာလည်းမရှိ တကယ်လို့ PDF ဆိုရင် တံခါး ရိုက်ဖွင့်ပြီးဝင်လာမှာပေါ့ ဒီလိုဘယ်ခြိမ်းခြောက်နေမလဲ။

DW ။ သူ‌တို့တောင်းတဲ့ ငွေ ကို ပေးလိုက် မိသေးလား။

ဖြေ ။  ကျွန်တော်က မပေးရသေးဘူး စာပဲပို့လာနေတယ်။ မပေးရင် ကိုယ်အသက်ကို ဂရုစိုက်ဆိုပြီး ကျွန်တော်လည်းကြောက်တယ်။ လျှမ်းပြည် (ထိုင်း)ကနေပြီး ကျွန်တော့ အစ်မကတော့ တောင်းပန်ပြီး ငါးသောင်းလွဲပေးလိုက်တယ်လို့ ပြောတယ်။ ပြီးတာနဲ့သူတို့ စာပြန်ပို့လာတယ်။ နင့်ပိုက်ဆံငါးသောင်း ဘာလုပ်ရမလဲတဲ့ နင်သတ္တိကောင်းရင် ရွာပြင်ထွက်ရဲ ထွက်လာကြည့်ဆိုပြီး ထပ်ပြီး မက်ဆေ့ပို့လာတယ်။

DW ။ အစ်ကို စိတ်ထဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လို ခံစားနေရလဲ။

ဖြေ ။  စိုးရိမ်တာပေါ့ ဘယ်လို လူတွေမှန်းလည်းမသိ ဘယ်လို လုပ်ရမလဲတောင် မစဉ်းစားတက်အောင်ပါပဲ။ ကိုယ်က ရွာတွေပတ်ပြီး ဈေးရောင်းစားတယ်ဆိုတော့ ကိုယ့်ကိုလမ်းမှာပဲ လုပ်ကြံလေမလား ဆိုပြီး တွေးမိတယ်။ စဉ်းစားစဉ်းစားပြီး ကြောက်လာတယ် ထိုင်းကို ထွက်သွားရမလားလို့လည်း စဉ်းစားနေတယ်။