BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 3, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်အထိ

ကျပ်ငွေတန်ဖိုး ထိုးဆင်း

ဒေါ်လာ၊ ဘတ်အပါအဝင် နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေးတွေ ဆက်တိုက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေပါတယ်။

ထိုင်းငွေ တစ်ဘတ်ကို ကျပ်ငွေ ၁၄၀နဲ့ ၁၅၀ ကြား စျေးပေါက်နေပြီး ထိုင်းဘတ်ငွေ ၆၉၀ ကျော်ဆိုရင် မြန်မာကျပ်ငွေ တစ်သိန်းအထိဖြစ်လာပါတယ်။ အမေရိကန်ဒေါ်လာကလည်း တစ်ဒေါ်လာကို ၅၅၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။ အခေါက်ရွှေတစ်ကျပ်သားဆိုရင်လည်း ကျပ် ၆၅သိန်း အထက်မှာ စျေးပေါက်နေပါတယ်။

ကျပ်ငွေတန်ဖိုးထိုးဆင်းနေတာကြောင့် ကုန်စျေးနှုန်းတွေလည်း လိုက်တက်တဲ့ဒဏ်ကိုလည်း ပြည်သူတွေ ခံစားနေကြရပါတယ်။

နိုင်ငံအတွင်း စစ်ရေးတွေပြင်းထန်နေပြီး မန္တလေးအနားအထိ ရောက်လာတာ၊ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ကျပ်ငွေကို မကိုင်ထားရဲတာ၊ ပြည်တွင်းဘဏ်စနစ်ကို ပြည်သူတွေ စိတ်မချတာ၊ စစ်ကောင်စီဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးမယ်လို့ ကြေညာတာ စတာတွေကြောင့် ငွေတန်ဖိုးကျတာလို့ သုံးသပ်မှုတွေ ရှိပါတယ်။

ကျပ်ငွေတန်ဖိုးတွေ ကျဆင်းပြီးနောက်မှာ စစ်ကောင်စီကတော့ ဟွန်ဒီငွေလဲလုပ်ကိုင်သူ ၉၀ကျော်ကို အရေးယူလိုက်ပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းတိုင်း စစ်ကောင်စီက အရေးယူတဲ့နည်းလမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးပမ်းလေ့ရှိပေမယ့် မထိန်းနိုင်ဘဲ အခြေအ​နေ ပိုးဆိုးသထက်ဆိုးလာတာ တွေ့ရပါတယ်။

……………………………………..

အာဏာသိမ်းကာလထပ်တိုးဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင်အဆိုပြု ကိုယ်တိုင်ဆုံးဖြတ်

အာဏာသိမ်းကာလကို ခြောက်ကြိမ်မြောက်အဖြစ် ခြောက်လထပ်မံ သက်တမ်းတိုးလိုက်တယ်လို့ နိုင်ငံရဲ့ ထိပ်ပိုင်းရာထူးတွေကို တစ်ဦးတည်းရယူထားတဲ့ စစ်ခေါင်းဆောင်က ကြေညာပါတယ်။

ကာလုံအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်မှာ ကျင်းပပြီး သက်တမ်းတိုးလိုက်တာပါ။ သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရတဲ့ ကာလုံအစည်းအဝေးကို အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတ တင်မြှောက်ပြီး ကျင်းပခဲ့ပါတယ်။

အခုတော့ ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကြောင့် အနားယူတယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူးကို ရယူပြီး ကာလုံခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာ တင်မြှောက်ခဲ့တဲ့ သမ္မတ၊ ဒုသမ္မတ သုံးဦးစလုံး မပါဝင်ဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်ခေါင်းဆောင်ကာ အရေးပေါ်ကာလ သက်တမ်းတိုးပေးဖို့ တင်ပြပြီး အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

……………………………………..

မိုးမိတ်မြို့ကို တအာင်းတပ်ထိန်းချုပ်

ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင်လ ၃၁ ရက်မှာ သိမ်းယူလိုက်ပြီလို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်ပြီး ၃၇ ရက်မြောက်နေ့မှာ မိုးမိတ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ ၂၁ ၊ ခြေလျင်တပ်ရင်း ၃၄၈ မိုးမိတ်ဗျူဟာတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ စစ်စခန်း တစ်ဒါဇင်ကျော်ကို သိမ်းယူခဲ့ပြီး မိုးမိတ်တိုက်ပွဲတွေကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ လေးရာကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီမတိုင်ခင် ရှမ်းမြောက်က နောင်ချိုနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေကို တအာင်းတပ်နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါသေးတယ်။

တစ်ကျော့ပြန်တိုက်ပွဲအတွင်း တအာင်းဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာရသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် တစ်ရာကျော်လည်း ထိခိုက်ပျက်စီးတယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

……………………………………..

ရဟတ်ယာဉ်ပျက်ကျလို့ ဗိုလ်ချုပ်တစ်ဦးသေဆုံးတယ်လို့ သတင်းထွက်

ရန်ကုန်၊ မှော်ဘီလေတပ်က လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စင်း ပျက်ကျတာကြောင့် တောင်ပိုင်းတိုင်း လေတပ်ကွက်ကဲမှု ဌာနချုပ်ရဲ့ ဌာနမှူး ဗိုလ်ချုပ်စိုးတင်လတ် သေဆုံးတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

Eurocopter အမျိုးအစား ရဟတ်ယာဉ်ဟာ ဩဂုတ်လ ၂ရက် နေ့လယ်ပိုင်းက စတင်ပျံတက်ချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ တွဲဘက်ရဟတ်ယာဉ်မှူးသေဆုံးပြီးတော့ အမျိုးသမီးရဟတ်ယာဉ်မှူးနဲ့ နောက်တစ်ဦးကတော့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာလည်း ရဟတ်ယာဉ်ပျက်ကျလို့ ဗိုလ်ချုပ်တစ်ဦး သေဆုံးတဲ့အကြောင်း ရေးသားထားကြပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဩဂုတ်လ ၃ ရက် နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

……………………………………..

လားရှိုးထောင်ပွင့်ပြီး ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ နိုင်ကျဉ်းနှစ်ရာကျော်လွတ်မြောက်

ကိုးကန့်တပ်က တိုက်ခိုက်သိမ်းယူဖို့ကြိုပမ်းနေတဲ့ လားရှိုးမြို့မှာ တိုက်ပွဲအတွင်း ထောင်ပွင့်သွားပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော် လွတ်မြောက်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို လားရှိုးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေက စောင့်ရှောက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စွပ်စွဲချက်များစွာနဲ့ စစ်ကောင်စီက ထောင်ဒဏ် နှစ် ၃၀ကျော်ချမှတ်ပြီး လားရှိုးထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

လားရှိုးအကျဉ်းထောင်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ‘ဝ’ တပ်ဖွဲ့က ခေါ်ထုတ်သွားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ ကိုးကန့်တပ်ကလည်း လားရှိုးထောင်က အကျဉ်းသားတွေကို စိစစ်ပြီး လွှတ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်တာတွေကြောင့် အကျဉ်းသားတွေ သေဆုံးတာလည်း ရှိနေပါတယ်။

မိုးကုတ်နဲ့ ဟားခါးမြို့တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို တော်လှန်ရေးအင်အားစုတွေက လွှတ်ပေးခဲ့ကြပါတယ်။

……………………………………..

ရန်ကုန်နဲ့ မန္တလေးမှာ စက်သုံးဆီပြတ်၊ ကားတန်းရှည်တန်းစီဝယ်ရ

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီပြတ်လပ်နေတာကြောင့် ကားတန်းရှည် တန်းစီပြီး ဝယ်ယူနေကြရပါတယ်။

တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူပေမယ့် လိုသလောက် ဝယ်လို့မရဘဲ ဆီဆိုင်တွေက အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတာပါ။ စက်သုံးဆီဝယ်ဖို့အတွက် ဒေါ်လာ မလုံလောက်တာ၊ နိုင်ငံတစ်ဝန်းရေကြီးနေပြီး ဆီတွေကို အချိန်မီရောက်ဖို့ ကြန့်ကြာနေတာ တွေကြောင့် ဖြစ်နိုင်တယ်လို့ ဆီလုပ်ငန်းရှင်တချို့က ပြည်တွင်းသတင်းဌာနတွေမှာ ပြောဆိုထားကြပါတယ်။

ဆီခွဲတမ်းတွေ အပြည့်မရတာကြောင့် ဆီကို လိုသလောက် မရောင်းပေးနိုင်တာလို့ ဆိုပါတယ်။ အာဏာသိမ်းကာလမှာ ဒီလိုမျိုး ဆီပြတ်လပ်တာ သုံးကြိမ်အထိ ရှိလာပြီဖြစ်ပါတယ်။

……………………………………..