BREAKING
January 16, 2025

တနင်္သာရီ ရေကြီးမှုတွင် အဘိုးတစ်ဦး ထပ်မံရေနစ်သေဆုံး

August 3, 2024

ပုံစာ - တနင်္သာရီမြို့ ၊ မွန်စုရပ်ကွက်တွင် ဇူလိုင် ၂၅ ရက်က ရေတက်နေသည့် မြင်ကွင်း။ ဓာတ်ပုံ - TNI Red Cross

တနင်္သာရီမြို့ ၊ မွန်စုရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၃ ရက် ညနေပိုင်းတွင် အသက် ၈၆ နှစ်အရွယ် ဦးဘသောင်း ရေနစ်သေဆုံးကြောင်း မြို့ခံများထံမှသိရသည်။

ဦးဘသောင်းသည် တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပြီး နှလုံးရောဂါအခံ ရှိသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အဘိုးက တစ်ယောက်တည်းနေတဲ့သူပါ။ တနင်္သာရီမှာက အားလုံးရေကူးတတ်ကြတယ်လေ။ အခုက ရေထဲပြုတ်ကျတဲ့ အချိန် ရေကူးရင်း ရောဂါအခံကြောင့် အမောဖောက်သလို ဖြစ်သွားတာဖြစ်နိုင်တယ်” ဟု မွန်စုရပ်ကွက်‌နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင်လည်း တနင်္သာရီမြို့နယ်၊ တကူတိုယ်နယ်၊ ပြည့်အေးရွာက အသက် ၃ဝ ဝန်းကျင် ကိုဇော်ထွေးနှင့် ကိုမိုးကျော်တို့နှစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။

တနင်္သာရီမြစ်ရေမှာ ယနေ့ ဩဂုတ်လ ၃ ရက် နံနက်တွင် အန္တရာယ်အမှတ် ၂၄ ပေအောက်သို့ ၁ ပေ ၈ လက်မ လျော့ကျပြီဖြစ်သော်လည်း စိုးရိမ်အမှတ် ၁၇ ပေအထက်တွင် ရှိနေဆဲဖြစ်သည်။

ရေကြီးရေလျှံခဲ့သည့် တနင်္သာရီမြို့၏ သုံးပုံတစ်ပုံခန့် ရေပြန်ကျသွားပြီဖြစ်ပြီး ရေကျသွားသည့်ရပ်ကွက်များတွင် နေအိမ်ပြိုကျမှုများလည်းရှိကြောင်း မြို့ခံများက ပြောဆိုသည် ။

“ရေကျသွားတဲ့ ရပ်ကွက်တစ်ခုတည်းမှာကို ပြိုကျနေတဲ့ ပျဥ်ထောင်အိမ်နှစ်ဆောင်တွေ့ရတယ်။ အခြားရပ်ကွက်တွေမှာလည်း အိမ်ပြိုသွားတာရှိဦးမယ်၊ အရေအတွက်တိတိကျကျမသိရသေးဘူး” ဟု ‌တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။

မြိတ် – ဘုတ်ပြင်းကားလမ်းရှိ လယ်တောင်ယာရွာတွင်လည်း ဩဂုတ်လ ၃ ရက် နံနက်တွင် ရေအနည်းငယ်ပြန်ကျခဲ့ပြီး ကုန်ကားအကြီးများ ဖြတ်သန်းရနေကာ ကားအငယ်များမူ ဖြတ်သန်း၍ မရသေးကြောင်း ကားသမားများထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင်လနောက်ဆုံးအပတ်တွင် အန္တရာယ်အမှတ်ကိုကျော်သည်အထိ စံချိန်တင်မြင့်တက်မှုကြောင့် တနင်္သာရီမြို့အပါအဝင် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေဘေးဒဏ်ခံခဲ့ရသည်။

ဩဂုတ်လ ၁ ရက်မှစ၍ မိုးနည်းလာပြီးနောက် မြစ်ရေကျလာပြီး ကျေးရွာ၊ ရပ်ကွက်အချို့ ရေကျလာသော်လည်း ကျေးရွာ အများစု ရေဝင်နေဆဲဖြစ်သဖြင့် ရေဘေးသင့် ဒေသခံများ နေရပ်မပြန်ရသေးကြောင်း ကူညီပေးနေသူများနှင့် ဒေသခံများထံက သိရသည်။