BREAKING
October 18, 2024

ထိုင်းတောင်ပိုင်းတွင် မြန်မာငါးဦး မူးယစ်ဆေးသုံးစွဲမှုနှင့် ဗီဇာကျော်လွန်နေထိုင်မှုတို့ဖြင့် ဖမ်းဆီးခံရ

August 3, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ကော့ဖငန်းကျွန်းပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသားငါးဦးသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဗီဇာကျော်လွန် နေထိုင်ထိုင်မှုတို့ဖြင့် ဩဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာများသည် ဆူညံပြီး ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ပေးနေသည်ဟု ရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားထားသဖြင့် ကျွန်းပေါ်ရှိ နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

အဆိုပါနေအိမ်သည် ဆိုင်ကယ်ပြင်ဆိုင်ကဲ့သို့ ဖွင့်လှစ်ထားပြီး နေအိမ်ထဲတွင် အသက် ၂၀ နှင့် ၃၀ ကြား အရွယ်ရှိ မြန်မာနိုင်ငံသား ငါးဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

နေအိမ်ထဲတွင် မူးယစ်ဆေးဝါးအသုံးပြုသော ကိရိယာများကို တွေ့ရသဖြင့် အားလုံး၏ ဆီးကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟုစစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။

ငါးဦးအနက် တစ်ဦးသည် နေထိုင်ခွင့်ဗီဇာ ရက်ပေါင်း ၈၅၀ ကျော်နှင့် နောက်တစ်ဦးသည် ရက်ပေါင်း ၁၇၀ ကျော်လွန် နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ထပ်တိုးအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် မူးယစ်ဆေးဝါး ရောင်းချနေသူများကိုလည်း စုံစမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

Ref: MGR Online, Bangkok Post