BREAKING
January 11, 2025

စစ်ကောင်စီက အရေးယူခဲ့သည့် ဟွန်ဒီငွေလွှဲလုပ်ငန်းရှင်များတွင် တနင်္သာရီတိုင်းသားသုံးဦးပါဝင်

August 3, 2024

စစ်ကောင်စီက အရေးယူခဲ့သည်ဆိုသည့် ဟွန်ဒီငွေလွှဲလုပ်ငန်းရှင် ကိုးဆယ်ကျော်တွင် တနင်္သာရီတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူသုံးဦး ပါဝင်နေသည်။

နိုင်ငံခြားငွေကြေးကစားနေသူများ၊ ဟွန်ဒီ(တရားမဝင် ငွေလွှဲ)လုပ်ငန်းလုပ်သူများနှင့် ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ်လုပ်သူ ၉၃ ဦးကို အရေးယူခဲ့ကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် အရေးယူခံရသူ ၉၃ ဦးအနက် တနင်္သာရီတိုင်းမှတ်ပုံတင် (၆/) ကိုင်ထားသူသုံးဦး ပါဝင်နေသည်ကို တွေ့ရသည်။

ကော့သောင်းမြို့နယ်၏ ကသန(နိုင်) ကိုင်ဆောင်ထားသူတစ်ဦး၊မြိတ်မြို့နယ် မမန(နိုင်) တစ်ဦးနှင့် ကရသူရိ ကရရ(နိုင်) ကိုင်ဆောင်ထားသူတစ်ဦးတို့ ပါဝင်နေခြင်းဖြစ်သည်။

၎င်းတို့သည် တရားဝင်လိုင်စင် မရှိဘဲ လုပ်ဆောင်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဥပဒေပါ ပြဌာန်းချက်များအတိုင်း အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေကြေး ရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် စစ်ကောင်စီက ထိုကဲ့သို့ ဟွန်ဒီငွေလွှဲလုပ်ငန်းများကို ပစ်မှတ်ထားလာသည့်အပေါ် တနင်္သာရီတိုင်းရှိ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူများက စိုးရိမ်နေကြသည်။

စစ်ကောင်စီက ဟွန်ဒီလုပ်ငန်းများကို ဖမ်းဆီးနေသည့်အချိန်ကစပြီး ထားဝယ်လေးမြို့နယ်အတွင်း အိမ်အရောက်ပို့သည့် ဝန်ဆောင်မှုကို ရပ်နားလိုက်ကာ ရင်းနှီးသူများကိုသာ လက်ခံဆောင်ရွက်တော့ကြောင်း ထားဝယ်ခရိုင်အတွင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

“အကျိုးအမြတ်ရတာနဲ့ ဖြစ်သွားရင် ရှင်းရမှာက မမျှဘူး။ အဲကြောင့်မို့ ရင်းနှီးတဲ့သူတွေပဲ လက်ခံတော့တယ်”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းသားများမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် အများအပြား သွားရောက်လုပ်ကိုင်နေကြပြီး မွေးရပ်မြေရှိ မိဘဆွေမျိုးများကို ငွေကြေးထောက်ပံ့နေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ မွေးရပ်မြေသို့ ငွေလွှဲရာတွင်လည်း ဘဏ်ကတဆင့်ငွေလွှဲသူ မရှိသလောက်နည်းပါးပြီး ငွေလဲလုပ်ငန်း(ဟွန်ဒီ)မှ တစ်ဆင့် ငွေလွှဲလေ့ရှိသည်။

ဘဏ်များတွင် သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ ပြင်ပပေါက်ဈေးနှင့် ကွာဟလေ့ရှိသည်။

ဩဂုတ်လ ၂ ရက်နေ့ နံနက်တွင်ပင် ပြင်ပဈေးကွက်တွင် ထိုင်းငွေတစ်ဘတ်လျှင် ၁၄၄ ကျပ် ပေါက်ဈေးရှိပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်သတ်မှတ်နှုန်းမှာ တစ်ဘတ်လျှင် ၉၁ ကျပ်ခန့်သာရှိသည်။

ထိုနှုန်းထားအရ ပြင်ပဈေးကွက်တွင် ၆၉၅ ဘတ်လွှဲပါက ကျပ်တစ်သိန်းလျှင် ရမည်ဖြစ်သော်လည်း စစ်ကောင်စီသတ်မှတ်နှုန်းအရ ဆိုပါက ဘတ်တစ်ထောင့်တစ်ရာခန့်လွှဲမှသာ ကျပ်တစ်သိန်းရမည်ဖြစ်သည်။

ထိုကြောင့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် ထိုင်းရောက်မြန်မာများက ဟွန်ဒီလုပ်ငန်းဖြင့်သာ ငွေလွှဲလေ့ရှိသည်။

လက်ရှိစစ်ကောင်စီက အရေးယူထားသည်ဟုထုတ်ပြန်ထားသူများ၏ ဘဏ်အကောင့်များ၊ Pay အကောင့်များကို ယာယီဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။